ဂျပန်ငလျင်ကြောင့် မြေပြိုခဲ့သည့်နေရာမှ ဒေသခံများ အိမ်ပြန်ရန် စိုးရိမ်

ဓာတ်ပုံ - JiJi Press/AFP
ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးကျွန်းရဲ့ မြို့တော် ဆပ်ပိုရိုမှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ငလျင်ကြောင့် မြေလွှာတွေ ပြိုဆင်းလာခဲ့တဲ့အတွက် အဆောက်အဦ အများအပြား ကျွံကျခဲ့လို့ ငလျင်ဒဏ်သင့် ပြည်သူတွေ အိမ်ပြန်ဖို့ စိုးရိမ်နေကြပါတယ်။ မြို့တွင်းက မြေတွေ ပြိုဆင်းလာတာ အဆိုးဆုံးခံရတဲ့ ခိယိုတခု ရပ်ကွက်ထဲမှာ ရေတွေနဲ့ စိုအိနေတဲ့ မြေတွေကြောင့် မြေကျွံကျခဲ့လို့ အဆောက်အဦ အတော်များများနဲ့ ကားတွေ အများအပြား မြေထဲ ကျွံဝင်ခဲ့ပါတယ်။ စစ်ဆေးခဲ့တဲ့ အဆောက်အဦ ၅၀၀ ထဲက ၁၆၀ ကျော်ဟာ အန္တရာယ်ရှိလောက်အောင် တိမ်းစောင်းခဲ့ပြီး ပြင်ဆင်ဖို့ အသည်းအသန် လိုအပ်နေတယ်လို့ ဒေသခံ အာဏာပိုင်တွေက ပြောပါတယ်။ မြေအောက်ရေမျက်နှာပြင် မြင့်တက်ပြီး မိုးရေချိန်များခဲ့တဲ့အတွက် မြေသားပျော့လို့ ခုလို မြေတွေ ပြိုဆင်းကုန်တာလို့ ဂျပန် ဘူမိဗေဒအဖွဲ့ဝင် မာဆာခိ ခတိုက ပြောပါတယ်။ ရေထိန်းချုပ်မှုက အချိန်ယူနိုင်တယ်၊ ရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လုပ်နေတယ်လို့ မြို့အာဏာပိုင်တွေက ပြောပါတယ်။ ဟော့ကိုင်းဒိုးငလျင်ကြောင့် သေဆုံးသူဦးရေ ၄၄ ဦးရှိပြီး လူ ၁ ဦး ပျောက်နေတယ်လို့ ဂျပန်အစိုးရက တနင်္ဂနွေနေ့မှာ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up