Home
မြန်မာသတင်း
ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်များအပေါ်ဆွေးနွေးရန်ဖိတ်ကြားချက် ရခိုင်အမျိုးသားပါတီ ငြင်းပယ်
အောင်ဆန်းဦး
·
September 10, 2018
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအပေါ် ဆွေးနွေးဖို့ အကောင်ထည်ဖော်ရေးကော်မတီရဲ့ ဖိတ်ကြားချက်ကို ရခိုင်အမျိုးသားပါတီက လက်မခံဘဲ ငြင်းပယ်လိုက်ပါတယ်။ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေတဲ့ အစိုးရကိုယ်စားလှယ်တွေ၊ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရခိုင်ပြည်နယ် အတွင်းက လူ့အဖွဲ့အစည်းကိုယ်စားလှယ်တွေ စုပေါင်းပြီး ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၀ ရက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပနေပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေအကောင်အထည် ဖော်တဲ့အနေနဲ့ ကျင်းပတဲ့ ဆွေးနွေးပွဲဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ကိုယ်စားပြု ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂ ဦးနဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့ တက်ရောက်ဆွေးနွေးပေးဖို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအနေနဲ့ ဖိတ်ကြားခဲ့ပေမယ့် ရခိုင်အမျိုးသားပါတီကတော့ တက်ရောက်ဆွေးနွေးခြင်းမရှိခဲ့ပါဘူး။ ရခိုင်အမျိုးသားပါတီအနေနဲ့ ပြည်ထောင်စုအဆင့်လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် တွေမှာ ကန့်ကွက်ခဲ့တဲ့ ကိုဖီအာနန်ကော်မရှင်ရဲ့ အစီရင်ခံစာအပေါ် ဆွေးနွေးရမယ့် ဆွေးနွေးပွဲ ဖြစ်တဲ့အတွက် တက်ရောက်ဆွေးနွေးခြင်းမပြုဖို့ ပါတီအနေနဲ့ ဆုံးဖြတ်ရတာလို့ ရခိုင်အမျိုးသား ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။ “ပထမတကြိမ် အစည်းဝေးမှာလည်း အန်တီတို့ကို ဖိတ်ကြားတယ်။ ဒါပေမယ့် အန်တီကို ရခိုင်အမျိုးသားပါတီ လွှတ်တော်ကိုယ်စားလှယ်အားလုံးက ဒီ ကိုဖီအာနန်ကော်မရှင်ကို ကန့်ကွက်ထားတဲ့အတွက် ဒီအစည်းအဝေးကို ပထမအကြိမ်းလည်း တက်ရောက်ထားခြင်း မရှိဘူး။ အခုတခါ ဒုတိယတကြိမ်ဖိတ်တယ်ပေါ့။ အစီရင်ခံစာအစိတ်အပိုင်းတွေကို ဆွေးနွေးဖို့ လို့ ဖော်ပြထားတယ်။ ကိုဖီအာနန်ကော်မရှင်ဆိုတာကို အစည်းအဝေးဖိတ်ကြားတာ ကြည့်လိုက် တာနဲ့ သိတယ်။ အန်တီတို့ ကန့်ကွက်ထားတဲ့အတွက် ပါတီကနေနဲ့ မတက်ဖို့ ဆုံးဖြတ်ရ တာပါ”လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲအပေါ် တက်ရောက်ခြင်းမရှိတဲ့အတွက် ရခိုင်ပြည်သူတွေရဲ့ ခံစားချက်နဲ့ မြေပြင်အခြေအနေမှန်တင်ပြနိုင်ဖို့ ခက်ခဲသွားပေမယ့် ပုဂ္ဂလိက သတင်းမီဒီယာတွေကနေ တဆင့် ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့အတွက် ထိခိုက်မှုမရှိဘူး လို့လည်း ဒေါ်ခင်စောဝေက ဆိုပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ကိုဖီအာနန်ကော်မရှင် အစီရင်ခံစာနဲ့ ပတ်သက်တဲ့ ကိစ္စတွေကလွဲပြီး အခြားပုံစံမျိုးစုံနဲ့ ဆွေးနွေးညှိနှိုင်းဖို့ အစိုးရအနေနဲ့ ဖိတ်ခေါ်မယ်ဆိုပါက တက်ရောက်ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။ “ရခိုင်ပြည်သူတွေကလည်း ကျမတို့ ပါတီနဲ့ သဘောထားအတူတူပါဘဲ။ ဒီဆွေးနွေးပွဲ မတက်လို့ ရခိုင်ပြည်နယ် ကိစ္စတွေ တင်ပြဆွေးနွေးခွင့် ဆုံးရှုံးတယ်ဆိုပေမယ့် မီဒီယာတွေကနေ တဆင့် တင်ပြနိုင်တဲ့အတွက် ထိခိုက်မှုမရှိပါဘူး။ အခုလည်း မီဒီယာကနေတင်ပြတာဘဲ။ ကိုဖီအာနန်ကော်မရှင် ကိစ္စနဲ့မဟုတ်ဘဲ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘယ်ခေါင်းစဉ်နဲ့မဆို အစိုးရက ဆွေးနွေးဖို့ဖိတ်မယ်ဆိုရင် ကျမတို့ ဆွေးနွေးတင်ပြသွားမှာပါ” လို့ ဒေါ်ခင်စောဝေက ဆိုပါတယ်။ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်နဲ့ ဒုတိယသမ္မတ ဦးဆောင်တဲ့ ကော်မရှင်တို့ရဲ့ တွေ့ရှိချက်အစီရင်ခံစာတွေကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အကောင်အထည်ဖော်ဆောင် နေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ကော်မရှင်ရဲ့အကြံပြုချက်ရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို အကောင် အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးက ပြောထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024