Home
ဆောင်းပါး
မြန်မာ့ဒီမိုကရေစီ သဲတရှပ်ရှပ်
ပီတာအောင်
·
September 10, 2018
စစ်ဗိုလ်ချုပ်တွေ ကြွေးကြော်ခဲ့တဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ၊ ယနေ့ မြန်မာပြည်သူတွေ ခံစား စံစားနေရတဲ့ ဒီမိုကရေစီဆိုတာ ဒီမိုကရေစီအစစ်မဟုတ်၊  အစိမ်းရောင်စာအုပ်ကြီးအောက်က ဒီမိုကရေစီ၊ အတုအယောင် ဒီမိုကရေစီပဲ ဖြစ်တယ်ဆိုတာ ဆွေးနွေးငြင်းခုံစရာ ဒီဘိတ်မဟုတ်။ အရှိတရား ဖြစ်ပါတယ်။ လွှတ်တော်ရပ်ဝန်းမှာ ပြီးခဲ့တဲ့သီတင်းပတ်က ပြုလုပ်ခဲ့တဲ့ ဒီဗွီဘီရဲ့ ဒီဘိတ်ကတော့ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးအကြောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနဲ့ တက္ကသိုလ်ကျောင်းသားတွေ ဆွေးနွေးငြင်းခုံကြတာပါ။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တကယ်အလုပ်ဖြစ် မဖြစ်၊ ရှေ့ဆက်နိုင် မဆက်နိုင်၊ နောက်ကြောင်း ပြန်လှည့်နိုင် မလှည့်နိုင်၊ အသွင်ကူးပြောင်းရေး ရှေ့ဆက်နိုင်ဖို့ ဘယ်လို အခက်အခဲ အတားအဆီး အဟန့်အတားတွေ ရှိနေသလဲ၊ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာတွေကို ဆွေးနွေးတာလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြီးခဲ့တဲ့ စင်ကာပူဟောပြောပွဲမှာ မြန်မာပြည် အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေးသို့ အကူးအပြောင်း၊  ပါလီမန်ဒီမိုကရေစီစနစ်မှ စစ်အာဏာရှင်စနစ်သို့ အကူးအပြောင်းနဲ့ စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အကူးအပြောင်းဆိုပြီး အဓိက အပိုင်း ၃ ပိုင်း ခွဲပြောသွားပါတယ်။ ဒီလို အသွင်ကူးပြောင်းရေး သုံးခုထဲမှာ လက်ရှိ အသွင်ကူးပြောင်းရေးဟာ အရှုပ်ထွေးဆုံးနဲ့ စိန်ခေါ်မှုအများဆုံးလို့လည်း ပြောပါတယ်။ လက်ရှိ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အဟန့်အတား စိန်ခေါ်မှုတွေထဲက အဓိကပြဿနာကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီဥပဒေကို အသက်ပေးကာကွယ်ဖို့ သန္နိဋ္ဌာန်ချထားသူတွေ ဖြစ်တယ်ဆိုတာ အများလက်ခံထားပြီးကိစ္စ ဖြစ်ပါတယ်။ ပြင်ဆင်ဖို့ ခက်ခဲအောင်လုပ်ထားတဲ့ ဒီဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ၊ ပြင်ဆင်ဖို့အတွက် အခရာကျတဲ့ စစ်တပ်ပါ လက်ခံပါဝင်လာအောင် ဘယ်လိုလုပ်မလဲဆိုတာ အဓိကပြဿနာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ လက်ရှိ အန်အယ်လ်ဒီအစိုးရကတော့  ဖွဲ့စည်းပုံပြင်ဆင်ရေးကို ရွေးကောက်ပွဲမတိုင်ခင်က ကြွေးကြော်ခဲ့ဖူးပေမယ့် ခုတော့ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံနဲ့ ချိတ်ဆက်ပြီး ပြင်လိုတဲ့သဘောထားမျိုး ထုတ်ပြောတာတွေ ရှိလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေ မနာတဲ့နည်း၊ တိုင်းပြည်မနာတဲ့နည်းနဲ့ ပြည်သူလူထု ရွေးကောက်ခံမဟုတ်တဲ့ စစ်ဗိုလ်တမတ်သားကို ဖယ်ထုတ်မယ်လို့  ပြောထားပါတယ်။ “လတ်တလော ကျမတို့ ၇၅% သာ ရွေးကောက်ခံဖြစ်ပါတယ်။ ကျမအမြဲပြောသလိုပေါ့ ကျမတို့မှာ အခွင့်အရေးက ၇၅% ပဲရှိတယ်၊ ဒါပေမယ့် တာဝန်က ၁၀၀% ရှိတယ်။ အဲလိုပဲ ကျမတို့ ခံယူပြီး ရှေ့ဆက်လုပ်ဆောင်ရမှာပါ။ ဘယ်လိုမျိုး ဒီ ၂၅% ကို ဖယ်ထုတ်မလဲဆိုရင် ပြည်သူလူထုမနာတဲ့၊ တိုင်းပြည်မနာတဲ့နည်းနဲ့ပဲ ဖယ်ထုတ်မှာပါ။ ဒီတိုင်းပြည်ဟာ နာလှပြီ။ ထပ်ပြီး လုထုအုံကြွမှုမျိုး အဖြစ်မခံနိုင်တော့ဘူး။ ဒါကြောင့် ဥပဒေအတွင်းက ညှိနှိုင်းဆောင်ရွက်မှုတွေနဲ့ပဲ ရှေ့ဆက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" ဒါပေမယ့် ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော် လုပ်ဆောင်မယ်ဆိုတဲ့ အချိန်ကာလကိုတော့ ထည့်သွင်းပြောဆိုခဲ့တာ မရှိပါဘူး။ အန်အယ်လ်ဒီအစိုးရ သက်တမ်းကလည်း သုံးနှစ်နီးပါးရှိလာပြီမို့ လက်ကျန်သက်တမ်းအတွင်း ဖွဲ့စည်းပုံပြင်ဆင်နိုင်ဖို့ အခြေအနေက နည်းပါးနေဆဲဖြစ်သလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ကြောင်းပြန်မလှည့်ပါဘူးလို့ ဘယ်သူကမှ အာမခံချက် မပေးနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းတုန်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွှတ်တော်လမ်းကြောင်းကနေ ပြင်ဆင်ဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ ပြည်ထောင်စုလွှတ်တော် နာယကဟောင်း သူရဦးရွှေမန်းကတော့ တဖက်နဲ့တဖက် ယုံကြည်မှုတွေ ရှိလာတဲ့အချိန် ဖွဲ့စည်းပုံပြင်နိုင်မှာပါလို့  ဒီဗွီဘီဒီဘိတ်မှာ ပြောပါတယ်။ “အရင်တပ်ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်များရဲ့ လုံခြုံစိတ်ချမှုအတွက် ဒီလိုဆောင်ရွက်တာ။ ဒါကြောင့်မို့လို့ တဖက်နဲ့တဖက် ယုံကြည်လာရင် စိတ်ချရရင် အခုပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲနိုင်လိမ့်မယ်။ တဖက်နဲ့တဖက် ယုံကြည်ဖို့လိုတယ်။ တဖက်နဲ့တဖက် သံယသကင်းသွားတဲ့အချိန်မှာ ဒါတွေဖြစ်လာမယ်။ ……..။ ၂၅% ဆိုတာက လွှတ်တော်နဲ့ ပြည်သူ့ကိုယ်စားလှယ်နဲ့ ဆိုင်တဲ့ကိစ္စထဲမှာ ရောက်နေတာဖြစ်တယ်။ အဲဒီလိုဟာမျိုးက ကမ္ဘာမှာ တော်တော်ရှားပါတယ်။ ဒီနေ့ဆိုရင် မရှိသလောက်ပဲ ဖြစ်နိုင်တယ်။ မြန်မာနိုင်ငံတခုပဲ ရှိတယ်။ အဲဒါကို ၁၀၀% ပြည့် ပြည်သူ့ကိုယ်စားလှယ်တွေပဲ ပါဝင်ဖို့ဆိုရင် တဖက်နဲ့တဖက် ယုံကြည်မှု၊ သံသယကင်းမှု၊ ပြီးရင် ဒီနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲဖို့ အဓိကအခန်းမှာ ပါဝင်နေတဲ့ ၂၅% သော ကိစ္စကို စီမံဆုံးဖြတ် ဆောင်ရွက်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ရဲ့ ဒီမိုကရေစီ အရေးပေါ်မှာ အလေးထား ဆောင်ရွက်မှုအပေါ်မှာ မူတည်တယ်။” ဒါ့အပြင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့တိုးနိုင်ဖို့ အမျိုးသားပြန်လည်သင့်မြတ်ရေး အင်မတန် အရေးကြီးတယ်လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။ “အမျိုးသားပြန်လည်သင့်မြတ်ရေးကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မယ်ဆိုရင် ဒီမိုကရေစီရှေ့တိုးဖို့ အများကြီး မျှော်လင့်ရမှာ ဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှိဖို့ဆိုရင် တဖက်နဲ့တဖက် ယုံကြည်မှုလိုတယ်။ သံသယတွေ လျော့နည်းဖို့လိုတယ်၊ အတ္တမာနတွေ လျော့နည်းဖို့လိုတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်း ခေါင်းဆောင်ပိုင်းတွေ မျက်နှာချင်းဆိုင် စကားများများ ပြောဖို့လိုတယ်။” ဦးရွှေမန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရမည်းသင်း နည်းပညာတက္ကသိုလ်ကျောင်းသား ကိုအောင်သူဝင်းကတော့ ပြည်သူတွေအနေနဲ့ တပ်မတော်အပေါ် ဘယ်လိုနည်းနဲ့ ယုံကြည်ရမလဲလို့ မေးခွန်းထုတ်ပါတယ်။ “ကျနော်တို့ ဖြတ်သန်းခဲ့တဲ့တလျှောက်၊ ကျနော်တို့မီသလောက် တပ်မတော်က ပြည်သူအပေါ် ကိစ္စတော်တော်များများ လုပ်ခဲ့တယ်။ အဲဒီအပေါ်မှာ အခုလက်ရှိ အခြေအနေကရော ကျနော်တို့က တပ်မတော်ကို ဘယ်လိုနည်းနဲ့ တပ်မတော်နဲ့ အစိုးရ သွားနေတဲ့လမ်းစဉ်ကို ကျနော်တို့က ဘယ်လိုနည်းနဲ့ ယုံကြည်ရမလဲ၊ ယုံကြည်အောင် ဘယ်လိုလုပ်ရမလဲ။” ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုပိုင်ဖြိုးမင်းကတော့ စစ်တပ်အပေါ်မှာ ကျောင်းသားပြည်သူတွေရဲ့ စိတ်ထဲမှာ မုန်းတီးမှုတွေ ရှိနေဆဲပဲလို့ ပြောပါတယ်။ “လက်ရှိအချိန်အထိကို စစ်တပ်က ကျနော်တို့ ကျောင်းသားတွေ၊ ပြည်သူတွေအပေါ်မှာ ဘာမှ မကျူးလွန်ခဲ့သလိုမျိုး၊ ဘာအပြစ်မှ မရှိသလိုမျိုး ကယ်တင်ရှင်ပုံစံမျိုးပဲ ရှိနေတယ်လို့ ပြောသွားသလို ခံစားရတယ်။ သို့ပေမယ့် တကယ်တမ်းဖြစ်နေတဲ့ လက်ရှိအခြေအနေက အကုန်အသိပဲ၊ စစ်တပ် စစ်သားဟေ့လို့ ကျနော်တို့ ကြားလိုက်တာနဲ့ ကျနော်တို့ရင်ထဲက မုန်းတီးစိတ်တွေ အမြဲတမ်း ပေါ်လာစမြဲပဲ။ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်လာဖို့အတွက် စစ်တပ်ကနေပြီးတော့ ကျောင်းသားပြည်သူတွေအပေါ် ကျူးလွန်ခဲ့သမျှကို ဝန်ချတောင်းပန်ဖို့ လိုမလို။” အမျိုးသားဒီမိုကရေစီအင်အားစုပါတီက  လွှတ်တော်အမတ်ဟောင်း ဦးခိုင်မောင်ရည်ကတော့  “ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်က သူ့စိတ်ကြိုက် ဆွဲခဲ့တာလို့ အားမနာတမ်း ပြောရမှာဖြစ်တယ်။ အဲဒီ စိတ်ကြိုက်ဆွဲခဲ့တဲ့ ဥပဒေဟာ အခုထက်ထိ အသက်ဝင်နေပါတယ်။ အဲတော့ ပြည်သူ့အာဏာ တကယ်ရဖို့ဆိုရင် ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေသာ လွှတ်တော်ထဲမှာ ရှိသင့်တာမျိုး၊ ပြည်သူက ရွေးကောက်တင်မြှောက်မှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ သမ္မတကသာ အမည်စာရင်း တင်သွင်းပြီး ရွေးချယ်ခန့်ထားတဲ့ ဝန်ကြီးတွေက သမ္မတ  ပြည်သူကတဆင့် ပြည်သူကို တိုက်ရိုက်တာဝန်ခံတဲ့ ဝန်ကြီးတွေ ဖြစ်သင့်တာမျိုး၊ အဲဒီအတွက် ပြည်သူ့အာဏာ အခုထက်ထိ မရသေးဘူးလို့ မြင်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိ အရပ်သားအစိုးရအဖွဲ့ထဲမှာ ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးပို့ထားတဲ့  ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ၃ ပါး ပါနေတဲ့အတွက် စစ်တပိုင်းအစိုးရဖြစ်တယ်လို့ အမြင်တွေလည်း ရှိပါတယ်။ သူရဦးရွှေမန်းကတော့ ဒါကို လက်မခံဘဲ လက်ရှိအစိုးရဟာ ဒီမိုကရေစီနည်းအရ တင်မြှောက်ထားတဲ့ အရပ်သားအစိုးရသာ ဖြစ်တယ်လို့ ပြောပါတယ်။ “ဝန်ကြီး ၃ ပါး တပ်မတော်က ခန့်ထားတယ်ဆိုတာ တကယ်တမ်းကြတော့ သူ့ရဲ့ဖြစ်စဉ်ကို ပြန်ကြည့်ဖို့လိုတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းပေးတဲ့သူကို ဝန်ကြီးဌာန ၃ ခုမှာ သမ္မတက သဘောတူတယ်ဆိုရင် ခန့်တယ်၊ အမည်စာရင်းပဲ ပေးလိုက်တာ။ အဲဒီလို ခန့်ပြီးတဲ့အခါမှာ အဲဒီဝန်ကြီး ၃ ဦးသည် တခြားသော ဝန်ကြီးများကဲ့သို့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်တယ်။ ဒါကြောင့် အစိုးရရဲ့အောက်မှာပဲ တိုက်ရိုက်တာဝန်ယူ အမှုထမ်းရမှာပဲ ဖြစ်တယ်။ ဒီဟာကို ကျနော်တို့ ကွဲကွဲပြားပြားသိဖို့လိုတယ်။” မည်သို့ပင်ဆိုစေကာမူ လက်ရှိ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ဟာ ရှေ့မတိုးဘူး ဖြစ်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်မောင်ဦးကတော့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်မြင်တာတော့ ဒီဖြစ်စဉ်ကြီးက အဝိုင်းပတ်နေတယ်လို့ မြင်တယ်။ ဒီနေရာ ဒီနေရာကိုပဲ ပြန်ပြန်ပြီး ရောက်လာတယ်။ ရှေ့ကိုလည်း ရောက်မသွားဘူးပေါ့။ ကျနော်တို့သွားနေတာ လမ်းမှားနေလားလို့တောင် ခံစားရတယ်။ ရှေ့မရောက်ဘဲ အဝိုင်းပတ်နေလို့။ အဓိကကတော့ ပြည်သူလူထုက တင်မြှောက်တဲ့ အစိုးရတရပ် ရလာတဲ့အချိန်မှာ ပြည်သူလူထုအနေနဲ့ လွတ်လပ်စွာ ပြောရေးဆိုခွင့်တွေ ပိုပြီးတော့ တိုးတက်ရလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြတာလေ။ သို့သော်လည်း ဒီဘက်ခေတ်မှာ ငြိမ်းစုစီကို ပြန်ပြင်တဲ့ကိစ္စတွေ၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ သတင်းမီဒီယာတွေ အကျဉ်းကျခံနေရတဲ့ကိစ္စတွေ  ပြန်တွက်ရင် ကျနော်တို့က အခွင့်အရေးတွေ တိုးရလာတာမဟုတ်ဘဲ ဆုတ်ယုတ်သွားတယ်လို့ မြင်တယ်။” ပြည်သူလူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ဖွဲ့စည်းပုံက ပေးထားတာထက် ပိုပြီးတော့ ရရှိအောင်လို့ လုပ်စေချင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်မောင်ဦးက တိုက်တွန်းပါတယ်။ “လက်ရှိအစိုးရအနေနဲ့ ချက်ချင်းကြီးပေါ့ တိုင်းပြည်ကို နတ်ရေကန်ထဲချသလို အပြောင်းအလဲလုပ်လို့ မရဘူးဆိုတာကို လူထုကသိပါတယ်။ သို့သော်လည်း တိုင်းပြည်ကို ရှေ့လျှောက်ပေါ့ ဒီမိုကရေစီနဲ့ တကယ်စခန်းသွားနိုင်တဲ့အဆင့် ယဉ်ပါးအောင်လို့ လိုအပ်တဲ့ အစီအမံတွေကိုတော့ ဒီဘက်ခေတ်က တာဝန်ယူနေတဲ့ အစိုးရအနေနဲ့ ချမှတ်စေချင်တယ်။ အဓိကကတော့ လူထုရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ဖွဲ့စည်းပုံက ပေးထားတဲ့ဥစ္စာထက် ပိုပြီးရရှိအောင်လို့ လုပ်စေချင်တယ်။ အခုဟာက ဖွဲ့စည်းပုံကပေးထားတဲ့ အဆင့်လောက်တောင် တကယ်တမ်း လူထုရဲ့ရပိုင်ခွင့်တွေ၊ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်တွေ မရဘူးဖြစ်နေတာကတော့ အဓိက အားနည်းချက်ပဲလို့ မြင်တယ်။” ကံ့ကော်ပညာရေးစင်တာမှာ လူမှုရေးသိပ္ပံပညာ သင်ယူနေတဲ့ ကျောင်းသူ မခိုင်နှင်းနှင်းဦးကလည်း လက်ရှိ မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ အမည်ခံသက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ “မြန်မာနိုင်ငံမှာ ဒီမိုကရေစီသာပြောတယ်။ ဒီမိုကရေစီနည်းအရ သွားနေတာ စီးပွားရေးပိုင်းမှာလည်း မမြင်ဘူး။ အုပ်ချုပ်ရေးပိုင်းမှာလည်း မမြင်ဘူး။ နောက်လူငယ်တွေရဲ့ အခန်းကဏ္ဍ ပညာရေးပိုင်းမှာလည်း ဘာမှမမြင်ဘူး။ တော်တော်များများတော့ ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်သေးဘူးလို့ မြင်တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဒီမိုကရေစီက နာမည်ခံဒီမိုကရေစီလို့ မြင်တယ်၊ ဒီမိုကရေစီအစစ်အမှန် ရဖို့အတွက်ကတော့ လိုသေးတယ်။” ဒီမိုကရေစီအခွင့်အရေးတွေ မြန်မာပြည်သူတွေ အပြည့်အဝရရှိဖို့  ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ခရီးဆက်ဖို့အတွက် တချိန်က ဒီမိုကရေစီရေး တက်ကြွစွာ ဆောင်ရွက်ခဲ့တဲ့ အန်အယ်လ်ဒီပါတီကလည်း သိသာမြင်သာတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ မရှိသလို ပါတီတွင်း လွတ်လပ်စွာ ပြောဆိုခွင့်တွေတောင် ကန့်သတ်ခံရ၊ အပြစ်ပေးခံရတာတွေ ရှိနေလို့ ပါတီဝင်တွေ ပိုမိုပြီး ပါးစပ်ပိတ် အသံတိတ်နေကြမယ့် အလားအလာတွေ မြင်တွေ့နေရပါတယ်။ အလားတူ အတိုက်အခံပါတီတွေကလည်း သူတို့စိတ်ဝင်စားတဲ့ အရေးကိစ္စ တခုတည်းနဲ့ ပတ်သက်ပြီးသာ ကြေညာချက်တွေ ပူးတွဲထုတ်ပြန်နေတာ တွေ့ရပြီး မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြည်သူတွေ အပြည့်အဝ ရရှိရေးအတွက် လှုပ်ရှားဆောင်ရွက်မှုတွေ မမြင်တွေ့ရပါဘူး။ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ဥပဒေ နောက်ဆုံးနှစ်ကျောင်းသား ကိုကျော်ကိုကိုလွင် ကတော့ အရင်ထက်စာရင် ဒီမိုကရေစီ အကူးအပြောင်းဟာ အားကောင်းနေတဲ့ အခြေအနေ ရှိနေသေးတယ်လို့ ပြောပါတယ်။ “လူငယ်တွေက အရင်တုန်းကဆိုရင် မျက်စိပိတ် နားပိတ် အနေအထားပေါ့။ အခုဆိုရင် မျက်စိပွင့် နားပွင့် ဖြစ်လာပြီ။ ကျနော်တို့ ကျောင်းတွေထဲမှာဆိုရင်လည်း လွန်ခဲ့တဲ့ ၅ နှစ်နဲ့ အခု ၅ နှစ် မတူတော့ဘူး။ ပြောင်းလဲမှု အကြီးအကျယ်ဖြစ်လာတယ်။ ကျောင်းထဲမှာ ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့စည်းခွင့် တရားဝင်မရသေးပေမယ့် ဖွဲ့စည်းခွင့်ရလာတယ်။ သူတို့ရဲ့ လှုပ်ရှားမှုတွေကိုလည်း ကျောင်းတွေက အသိအမှတ်ပြုလာတာ တွေ့ရတယ်။ ကျောင်းပြင်ပလောကမှာလည်း လူငယ်တွေက ဒီမိုကရေစီ အကူးအပြောင်းမှာ အရမ်းကို အင်တိုက်အားတိုက် ပါဝင်လာတာကို တွေ့ရတယ်။ စိတ်ဓာတ်လည်း အရမ်းတက်ကြွလာတယ်။  တတ်နိုင်သမျှ ငါတို့နိုင်ငံ ဒီမိုကရေစီ အကူးအပြောင်းတခုမှာ ပါဝင်ရမယ်ဆိုတဲ့ စိတ်တွေကိုလည်း မွေးမြူလာကြတယ်၊ ဒီကွင်းဆက်ကြီးက ရပ်မနေဘူး။ ဆက်သွားနေတယ်။ ဒီပေါ်မှာလည်း အစိုးအနေနဲ့ ထောက်ပံ့ပေးဖို့ အများကြီးလိုတယ်။” ကံ့ကော်ပညာရေးစင်တာမှာ လူမှုရေးသိပ္ပံပညာ သင်ယူနေတဲ့ နာဂတိုင်းရင်းသားလေး ပုံဒိုင်းညိုကတော့ ဒီမိုကရေစီထက်ပိုပြီး ဖက်ဒရယ်စနစ်ဆီ သွားနိုင်ဖို့  မျှော်လင့်နေပါတယ်။ “မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးနွယ်စု အများနဲ့ ဖွဲ့စည်းထားတာဆိုတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိခဲ့ရင်တောင်မှ ဒီမိုကရေစီဆိုတော့ လူအများစုရဲ့ဆန္ဒကို လက်ခံပြီးတော့ လူအနည်းစုရဲ့ဆန္ဒကို ပစ်ပယ်တာမဟုတ်ဘဲ အသိအမှတ်ပြုပေးတယ်။ ဒါပေမယ့် ဒီလူနည်းစုရဲ့ အခွင့်အရေးတွေကို ဖိနှိပ်သလိုများ ဖြစ်နေမလားလို့ စဉ်းစားတယ်။ ဒီလောက် လူမျိုးနွယ်စုများစွာနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံကြီးမှာ ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်မယ်ဆိုရင် ကျနော်တို့ လူနည်းစုတွေအတွက်တော့ ဘယ်လိုလဲလို့ စဉ်းစားစရာရှိတယ်။ အဲဒီအတွက် မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီစနစ်ကတော့ ကောင်းတယ်။ ဒါပေမယ့် ဒီထက်ပိုကောင်းတဲ့ စနစ်ကတော့ အခု အားလုံးပြောနေကြတဲ့ ဖက်ဒရယ်စနစ်လို့ မြင်ပါတယ်။” ဒါပေမယ့် မြန်မာပြည် ဖက်ဒရယ်စနစ်နဲ့ သွားနိုင်ဖို့အရေး လက်ရှိ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အကြားမှာ ဖက်ဒရယ်ဒီမိုကရေစီ၊ ဒီမိုကရေဖက်ဒရယ် ညှိနှိုင်းမရ၊ ငြင်းကြခုံကြ၊ တိုက်ကြခိုက်ကြဆဲမို့ နာဂတိုင်းရင်းသားလေး မျှော်မှန်းတဲ့ ဖက်ဒရယ်ခရီးက ခပ်ဝေးဝေး။ ဒါ့အပြင် လတ်တလော တိုင်းပြည်မှာ ပြည်သူလူထုတွေ စီးပွားရေး ခက်ခဲကျပ်တည်းနေချိန်မို့ ဒီမိုကရေစီဖက်ဒရယ်အရေးနဲ့  ဝမ်းရေး ဘယ်အရေးကို ပြည်သူတွေက ပိုစိတ်ဝင်စားနေကြပါသလဲ။ လွှတ်တော်မှာ သန့်ရှင်းရေးလုပ်နေတဲ့ ဝန်ထမ်းတဦးကို မေးကြည့်တော့ “မသိဘူး။ မသိဘူး။ မပြောတတ်ဘူး။ မဖြေတတ်ဘူး” လို့ ဆိုပါတယ်။ နောက်တခါ အာဏာရှင်အစိုးရနဲ့  ဒီမိုကရေစီအစိုးရ ဘယ်လိုအစိုးရမျိုး လက်အောက်မှာ နေချင်လဲလို့ မေးကြည့်တော့ “မဖြေရဲဘူး၊ ကြောက်တယ်” လို့ ဖြေပါတယ်။ သေချာတာကတော့  လွှတ်တော်ရပ်ဝန်း၊ လွှတ်တော်နယ်မြေထဲမှာ သာမန်ပြည်သူတွေဟာ  ကိုယ့်ရဲ့အမြင်တွေကို လွတ်လပ်စွာမပြောရဲ မဆိုရဲသေးဘဲ စိုးရိမ်ထိတ်လန့် ကြောင့်ကြနေဆဲပဲ ဆိုတာပါပဲ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ကို တိုးတက်နိုင်သေးသလားလို့ ဒီဗွီဘီက အွန်လိုင်းမှာ စစ်တမ်းကောက်ယူရာမှာတော့ မဲပေးသူအရေအတွက် ၂၉၀၀ ထဲမှာ ၆၅ ရာခိုင်နှုန်းက တိုးတက်နိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း သဘောထားပေးကြပြီး ၃၅ ရာခိုင်နှုန်းကတော့ မမျှော်လင့်တော့ပါဘူးလို့ ဆိုထားပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကတော့ အရင်တုန်းက ‘ဒီမို’ ဆိုတဲ့ စကားနှစ်လုံးကို ပြောပြီးရင် နောက်က “ကရေစီ’ ကို ထောင်ထဲကျမှ ဆက်ပြောရတဲ့ ဘဝကနေ ဒီနေ့ ဒီမိုကရေစီကို အပြည့် ကျယ်ကျယ်ပြောလို့ရနေပြီ။ ဒါပေမယ့် ပန်းတိုင်ကို ခရီးဆက်သွားဖို့တော့ ဟင့်အင်းတွေကို ကျော်ဖြတ်ရဦးမယ်လို့ ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံးကျင်းပခဲ့တဲ့ ပြီးခဲ့တဲ့ ရှစ်လေးလုံး နှစ် ၃၀ပြည့် အခမ်းအနားမှာ ပြောသွားပါတယ်။ “ဒီကနေ့ ဒီအချိန် နောက်ထပ်သွားတက်မယ့် ပန်းတိုင်အတွက် ခေါင်းရမ်းပြတာတွေ၊ ငြင်းဆန်တာတွေ၊ ဟင့်အင်းလုပ်နေတာတွေတော့ ရှိဦးမှာပဲ။ ကျနော်တို့ တကယ်အင်အားပြည့်လာတဲ့တနေ့ ကျနော်တို့အားလုံး ပြိုင်တူလှုပ်ရှားနိုင်တဲ့နေ့ ကျနော်တို့အားလုံး ဉာဏ်အမြော်အမြင်နဲ့ ပေါင်းစပ်နိုင်တဲ့နေ့ကျရင် အဲဒီအတားအဆီးတွေ၊ အဲဒီဟင့်အင်းတွေကို ကျနော်တို့ ကျော်ဖြတ်နိုင်မှာပါ။” ဘယ်နိုင်ငံရဲ့ သမိုင်းမှာမဆို ပြည်သူလူထု တခဲတနက်အုံကြွ မပါဝင်ဘဲနဲ့ ကြီးမားတဲ့ အပြောင်းအလဲကို မရတတ်ဘူးလို့လည်း ဦးမင်းကိုနိုင်က ပြောသွားပါတယ်။ ပြည်သူလူထုတွေအနေနဲ့ ဒီမိုကရေစီထဲ ရောပါနေတဲ့ အမှိုက်တွေ၊ ဒိုက်တွေ၊ ခဲတွေ၊ သဲတွေကို စုပေါင်းအားနဲ့ မဖယ်ရှား မရှင်းလင်းနိုင်သေးသရွေ့တော့ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီ အရသာကို ခံစားစံစားနိုင်မှာ မဟုတ်ဘဲ သဲတရှပ်ရှပ်နဲ့ ဒီမိုကရေစီ အရသာကိုသာ မြည်းစမ်းနေရမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024