Home
မြန်မာသတင်း
ကြက်​သွန်​​နီဈေးနှုန်းများ မြင့်တက်
DVB
·
September 10, 2018
မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်​ရှိ ဒေသထွက်​ကုန်​ဖြစ်​တဲ့ ကြက်​သွန်​နီ​ဈေးနှုန်းဟာ တပတ်​အတွင်းမှာ တ​ပိဿာကို ကျပ် ၆၀၀ ဝန်းကျင်​ခန့်​ မြင့်တက်​လာနေပါတယ်​။ ​ရွှေဒင်္ဂါး ကြက်​သွန်​နီပွဲရုံမှ ဦး​ကျော်​ဇင်​ဝင်းက "တက်​လာရတဲ့ အ​ကြောင်းရင်းက စားသုံးသူ​တွေ အဝယ်​လိုက်​လာတာရယ်​၊ ပြီး​တော့ လက်ရှိဈေးကို ​လှောင်​လက်​သမားတွေက ကြိုက်​ပြီး ဝယ်​​လှောင်​​နေကြတာ​ကြောင့် ​ဈေးတက်​လာတာပါ။ ဒါ​ပေမယ့် မြင်းခြံမြို့​ပေါ်မှာ​တော့ ကြက်​သွန်​က အဝင်နည်းသွားတယ်​။ တောင်​သူ​တွေလက်​ထဲမှာလည်း ကြက်​သွန်​က အနည်းအကျဉ်း​လောက်​ပဲ ရှိကြတာပါ။ မြင်းခြံမှာ ကြက်​သွန်​​ဈေး မြင့်လာတာနဲ့ တရုတ်​ဘက်​က ကြက်​သွန်​​တွေ ရက်​ပိုင်းအတွင်းမှာ ဝင်​လာဖို့ရှိနေတယ်​” လို့ ဒီဗွီဘီကို ပြောပါတယ်​။ ပြီးခဲ့တဲ့ သြဂုတ်​လအတွင်းကလည်း မိုးအဆက်​မပြတ် ရွာသွန်းမှုကြောင့် လမ်းတွေ ပိတ်​ဆို့မှု​ဖြစ်​ခဲ့ပြီး ကြက်​သွန်​​ဈေးဟာလည်း အနည်းငယ် မြင့်တက်​ခဲ့ပါတယ်​။ မြင်းခြံက ကြက်​သွန်​နီ​တွေကို ရန်​ကုန်​၊ ​မော်​လမြိုင်​၊ ဘားအံ စတဲ့ မြို့ကြီး​တွေကို အများဆုံး တင်​ပို့​ရောင်းချရပြီး ပြီးခဲ့တဲ့တပတ်​အတွင်းက ကြက်​သွန်​နီ တပိဿာကို အနိမ့်ဆုံး​ဈေး ၄၅၀ ကျပ်​မှ အမြင့်​ဆုံး​ဈေး ၆၂၅ ကျပ်​နဲ့ အ​ရောင်းအဝယ်​ ပြုလုပ်​ခဲ့ကြပါတယ်။ ဒီနေ့ ကြက်​သွန်​နီဈေးကွက်​က အနိမ့်ဆုံး တပိဿာကို ကျပ်​ ၁၀၀၀ မှ အမြင့်​ဆုံး ၁၂၀၀ ကျပ်​ထိ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့ပြီး မြင်းခြံကုန်​စည်​ဒိုင်​မှာ​တော့ ကြက်​သွန်​နီကုန်​ချိန်​ ပိဿာ တသောင်း​ကျော်​ခန့်​သာ ဝင်​​ရောက်​မှုရှိနေတယ်​လို့ သိရပါတယ်​။ မြင်းခြံမြို့နယ်​ရှိ ​တောင်​သူအများစုက ကြက်​သွန်​နီနဲ့အတူ ပဲအမျိုးမျိုး၊ နှမ်း၊ ပြောင်း၊ ​ဆေးရွက်​ကြီး၊ ငရုတ် စတာ​တွေ အဓိကစိုက်​ပျိုးကြ​ပြီး ရာသီဥတု​ ဖောက်​ပြန်တာနဲ့​ ဈေးကွက်​တည်​ငြိမ်​မှုမရှိလို့ ​တောင်​သူအများစုဟာ နှစ်​စဉ် အရှုံး​တွေနဲ့ ရင်​ဆိုင်​​နေကြရ​ပါတယ်​။ သတင်း - ရီရီထွန်း ( မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024