Home
မြန်မာသတင်း
ရခိုင်အရေး နိုင်ငံတကာဖိအားပေးမှု စည်းလုံးညီညွတ်စွာဖြင့် ကျော်ဖြတ်ကြရန် ဝန်ကြီးချုပ် တိုက်တွန်း
သူဇာလင်း
·
September 9, 2018
ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာရဲ့ ဖိအားပေးမှုနဲ့ စိန်ခေါ်မှုတွေကို ပြည်ထောင်စုသားအားလုံး စည်းလုံးညီညွတ်မှုနဲ့ ကျော်ဖြတ်သွားကြဖို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တိုက်တွန်းလိုက်ပါတယ်။ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားတောင်ဘက်မုခ်ရှိ ဦးဥတ္တမပန်းခြံမှာ ကျင်းပတဲ့ ၇၉ နှစ်မြောက် သျှင်ဦးဥတ္တမနေ့ အခမ်းအနားမှာ အခုလို ပြောကြားလိုက်တာပါ။ “ကျနော်တို့နိုင်ငံဟာ အခုအချိန်မှာ နိုင်ငံတကာမျက်နှာစာမှာ အခက်အခဲမြောက်မြားစွာကို ကြုံဆုံနေရပါတယ်။ ရခိုင်ပြည်နယ်မှာ ပေါ်ပေါက်နေတဲ့ အကြမ်းဖက်ခံရမှုကိစ္စရပ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားပေးနေမှုတွေရှိပါတယ်။ ဒီအခြေအနေတွေအားလုံးကို ကျနော်တို့အားလုံးဟာ ညီညွတ်တဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ ပြည်ထောင်စုသားအားလုံးက တညီတညွတ်တည်း ရုန်းကန်ကြရမယ့်အချိန် ဖြစ်ပါတယ်။” ဒီအချိန်ဟာ ပြည်ထောင်စုသားအားလုံး စည်းလုံးညီညွတ်ရမယ့် အရေးကြီးတဲ့အချိန် ဖြစ်ပြီး ညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းဆောင်ရွက်မှပဲ နိုင်ငံတကာကြားမှာ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံအတွက် စိန်ခေါ်ခံနေရတဲ့ အခြေအနေအားလုံးကို ကျော်ဖြတ်နိုင်မယ်လို့လည်း ပြောပါတယ်။ ဆရာတော်ဦးဥတ္တမက မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ပထမဆုံးမျိုးစေ့ ချပေးခဲ့ပြီး အာရှတိုက်မှာရှိတဲ့ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ်၊ ကိုရီးယားနဲ့ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေပါ သွားရောက်ခဲ့ပြီး ဗြိတိသျနယ်ချဲ့လက်အောက်က လွတ်မြောက်အောင် လမ်းညွှန်ပေးခဲ့သူလည်း ဖြစ်တာကြောင့် အခုလို ဂုဏ်ပြုပွဲအခမ်းအနားတွေ ကျင်းပပေးနေတာ လို့ ဆိုပါတယ်။ ၇၉ နှစ်မြောက်ဦးဥတ္တမနေ့ ကျင်းပရေးဗဟိုကော်မတီ ဦးသင်္ခါကျော် (ဥက္ကဋ္ဌ) “အဲဒီအာရှဒေသမှာရှိတဲ့ ကျွန်သပေါက်ဘဝရောက်နေတဲ့ နိုင်ငံတွေအားလုံးကို ကြွရောက်ပြီး တော့ ဗြိတိသျှနယ်ချဲ့တို့ ပြင်သင်နယ်ချဲ့တို့ကို တော်လှန်ဖို့အတွက် ကိုယ့်နိုင်ငံကိုယ် လွတ်လပ်ရေးရအောင် တိုက်ယူရမယ်ဆိုပြီးတော့ ဆရာတော်ကြီးက လမ်းညွှန်ပေးတဲ့အတွက် ဆရာတော်ကြီးကို ကမ္ဘာကနေပြီးတော့ အာရှနေဝန်းလို့ သတ်မှတ်ခဲ့ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေကတော့ မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင်ဆိုပြီးတော့ သတ်မှတ်ခဲ့ပါတယ်” လို့ ပြောပါတယ်။ သဘာဝနဒီ အရှင်ပညာဇောတက “ဆရာတော် ဦးဥတ္တမဟာ အဖိနှိပ်ခံလူတန်းစားပေါ့။ ကျွန်ပြုခံလူတန်းစားတွေအတွက် တိုက်ပွဲဝင်ပေးခဲ့တယ်။ ဦးဇင်းတို့ အတွက်ကျတော့ ဝံသာနု ရက္ခိတ စိတ်ဓာတ်နဲ့ မျိုးချစ်စိတ်ဓာတ်ကို လမ်းပြပေးခဲ့သူ၊ မဟုတ်မခံရအောင် လမ်းပြပေးခဲ့သူလို့ အဲလိုပဲ ယူဆထားတယ်” လို့ မိန့်ပါတယ်။ ဆရာတော် ဦးဥတ္တမဟာ နယ်ချဲ့လက်အောက်မှာတုန်းက  မြန်မာအမျိုးသား၊ အမျိုးသမီးတွေ နိုင်ငံရေးအသိစိတ်ဓာတ်နိုင်ကြားစေဖို့နဲ့ တိုင်းတပါး အုပ်ချုပ်မှုအောက်က လွတ်မြောက်ပြီး လွတ်လပ်ရေးရရအောင် ကြိုးပမ်းခဲ့ပါတယ်။   ဦးဥတ္တမကို ဂုဏ်ပြုတဲ့အနေနဲ့ ဦးဥတ္တမပန်းခြံကို  ၁၉၆၂ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ ဖွင့်လှစ်ခဲ့ပေမယ့် အစိုးရအပြောင်းအလဲကြောင့် ကန်တော်မင်္ဂလာပန်းခြံအဖြစ် ပြောင်းလဲခဲ့ ပါတယ်။ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှာတော့ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးက ဦးဆောင်ပြီး ဦးဥတ္တမပန်းခြံအဖြစ် ပြန်လည်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ ဦးဥတ္တမနေ့အခမ်းအနားကို ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ တခြားမြို့နယ်တွေလည်း ကျင်းပခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024