ရာသီဥတုပြောင်းလဲမှုအရေး အရေးတယူလုပ်ဆောင်ရန် ပြင်သစ်တွင် ဆန္ဒပြ

ရာသီဥတုပြောင်းလဲမှုအရေး အရေးတယူလုပ်ဆောင်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ပြင်သစ်နိုင်ငံတဝှမ်းက မြို့ကြီးတွေမှာ ပြုလုပ်ခဲ့ပါတယ်။ ရာသီဥတုပြောင်းလဲနေမှုအရေး အလေးထားလုပ်ဆောင်ဖို့ တိုက်တွန်းဖို့နဲ့  အစိုးရရဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ချဉ်းကပ်မှုကို သဘောမကျတဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဟောင်း နစ်ကိုးလက်စ်ဟိုလု နုတ်ထွက်မှုကို ထောက်ခံကြောင်း ပြသဖို့ ပြင်သစ်နိုင်ငံသား ထောင်ချီဆန္ဒပြနေကြတာပါ။ ဒီဆန္ဒပြပွဲဟာ ကမ္ဘာတစ်ဝှမ်းပြုလုပ်နေတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အသိရှိရေး လှုပ်ရှားမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ “ဒီချီတက်ပွဲကနေ သတိရှိလာကြဖို့မျှော်လင့်ပါတယ်။ နိုင်ငံသားတွေအများဆုံးပါတဲ့ လူထုလှုပ်ရှားမှုတွေ စတင်နေပြီ။ ဒါကို အစိုးရအနေနဲ့ တကယ်နားလည်ပြီး အလေးထားဖို့လိုတယ်” လို့ ချီတက်ပွဲမှာပါဝင်သူ ဟောဒရစ် ခူစီဖစ်ကပြောပါတယ်။ ပဲရစ်မှာလုပ်တဲ့ဒီလူထုချီတက်ပွဲမှာ လူ ၁၈,၅ဝဝ နီးပါးပါဝင်တယ်လို့ ပြောပေမယ့် အစိုးရမဟုတ်တဲ့ အဖွဲ့ အစည်းတွေကတော့ လူ ငါးသောင်းလောက်ရှိတယ်လို့ပြောပါတယ်။ ဒါ့ပြင် မာဆေး၊ စထရာဘော့နဲ့ တိုလု့စ်မြို့တွေမှာလည်း လူထောင်ချီပါဝင်တဲ့ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိရာထူးကနေ နုတ်ထွက်သွားတဲ့ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဟိုလု  ပြင်သစ်အစိုးရအဖွဲ့ထဲ ၂ဝ၁၇ ခုနှစ် နှစ်လယ်ပိုင်းမှာ ပါဝင်လာတာဟာ ပြင်သစ်ရဲ့ သဘာဝပတ်ဝန်းကျင်အရေး အလေးထားမှုတခုအဖြစ် မြင်ခဲ့ကြပါတယ်။ “ပြီးခဲ့တဲ့ တနှစ်ခွဲတုန်းက မက်ခွန်းအစိုးရကို ကျနော်မဲပေးခဲ့တယ်။ အစိုးရအဖွဲ့ထဲမှာ နစ်ကိုးလက်စ်ဟိုလု ပါနေလို့လည်းပါတယ်။ သူ ပတ်ဝန်းကျင်ရေးရာဝန်ကြီးရာထူးကနေ နုတ်ထွက်တာ သတင်းစကား ပါးလိုက်တာပဲ။ ကျနော်တို့ သူ့ကို နှစ်ချီစောင့်ကြည့်လာတာဖြစ်လို့ သူ့ကိုယုံတယ်။ ဒီလို စုဝေးပွဲတွေကနေပြီး အစိုးရအနေနဲ့ လမ်းကြောင်းမှန်ပေါ် မြန်မြန်တက်သင့်ပြီဆိုတာ နားလည်စေဖို့ သတင်းစကားဖြစ်တယ်” လို့ ချီတက်ပွဲမှာ ပါဝင်သူ အယ်ဟွမ်ဒူကီဟိုထမ်က ပြောပါတယ်။ ဒါပေမယ့် သမ္မတမာခွန်းဟာ နျူကလီးယားစွမ်းအင်အပေါ် မှီခိုမှု လျှော့ကျအောင်လုပ်တာ၊ ပေါင်းသတ်ဆေး အသုံးပြုမှုတားမြစ်တာမျိုးတွေလို ဟိုလုရဲ့ရှေ့ဆောင် အစီအစဉ်တွေကို အရာမထင်အောင်လုပ်နေတယ်လို့ ရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ “အခြေအနေက အရေးပေါ်လုပ်ရမယ်ဆိုတာကို ရှင်တို့လည်း ခံစားမိမှာပါ။ နိုင်ငံရေးသမားတွေ အလုပ်မလုပ်ကြလို့ ဒီလိုဖြစ်တာဆိုတဲ့ အမြင်မျိုး ထင်လာကြလိမ့်မယ်။  ဒီတော့ နိုင်ငံသားတွေဆန္ဒက ဘယ်လို ရှိတယ်ဆိုတာ ကျမတို့က ပြလိုက်တာပါ” လို့ လူထုချီတက်ပွဲမှာပါဝင်သူ ကရင်းဘီအိတ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up