လောင်စာအသုံးပြုမှုလျှော့ချရေး ဖီလာဒယ်ဖီးယားမြို့က စက်ဘီးစီးပွဲတော် လူရာချီဆင်နွှဲ

လောင်စာအသုံးပြုမှုလျော့ချရေး စက်ဘီးစီးအခမ်းပွဲတော်ကို စက်တင်ဘာ ၉ ရက်နေ့က အမေရိကန်နိုင်ငံ ဖီလာဒယ်ဖီးယားမြို့မှာပြုလုပ်ခဲ့ပြီး ဝတ်လစ်စလစ် ဒါမှမဟုတ် အရှက်လုံရုံသာ ဝတ်ဆင်ထားတဲ့ လူရာပေါင်းများစွာ ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ ABC သတင်းမှာဖော်ပြပါတယ်။ ဒီအခမ်းအနားဟာ ရုပ်ကြွင်းလောင်စာတွေအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျော့ချရေးတင်မဟုတ်ဘဲ လမ်းမတွေပေါ်က စက်ဘီးသမားတွေ ပိုမိုအန္တရာယ်ကင်းရေးနဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ အပြုသဘောဆောင်တဲ့ သဘောထားတွေကို မြှင့်တင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒီအခမ်းအနားကို နာမည်ကျော်တွေအပါအဝင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေလည်း ပါဝင်ဆင်နွှဲခဲ့ကြပြီး ပါဝင်သူအများစုက ဦးထုပ်များဝတ်ဆင်ကာ သူ တို့ရဲ့ ခန္ဓာကိုယ်မှာ ဆေးခြယ်မှုတွေ ပြုလုပ်ထားတာလည်း တွေ့ရပါတယ်။ Philly Neak Bike Ride ဆိုတဲ့ ဒီအခမ်းအနားဟာ ဖီလာဒယ်ဖီးယားမှာ နှစ်စဉ်ပြုလုပ်နေတဲ့ အခမ်းအနားတခုဖြစ်ပြီး ပါဝင်သူတွေက မြို့ကလမ်းမတွေတလျောက် အရှည် ၁၀ မိုင်နီးပါး အကွာအဝေးကို စက်ဘီးစီး ချီတက်ကြတာဖြစ်ပါတယ်။ ဒီခရီးစဉ်တလျောက်မှာ လွတ်လပ်ရေးခန်းမ၊ အမေရိကန်ဒင်္ဂါးစက်ရုံနဲ့ ဖီလာဒယ်ဖီးယား အနုပညာပြတိုက်တို့ အပါအဝင် မြို့ရဲ့ နာမည်ကျော်အဆောက်အဦများစွာကိုလည်း ဖြတ်သွားပါတယ်။ ဒီအခမ်းအနားမှာ ပါဝင်ဆင်နွှဲသူတွေဟာ သူတို့စိတ်ကြိုက် အဝတ်အစားပုံစံကို ဝတ်ဆင်နိုင်ပါတယ်။ ဒီအခမ်းအနားကို မိသားစုလိုက်၊ တဦးချင်းအနေအထားနဲ့ လူ ပေါင်းများစွာက ပါဝင်ဆင်နွှဲကြပြီး “စက်ဘီးစီးတာက ကျမတို့သမီးလေးရဲ့ အကြိုက်ဆုံးသယ်ယူပို့ဆောင်ရေး ပုံစံဖြစ်တယ်” လို့ ပါဝင်ဆင်နွှဲသူတဦးဖြစ်တဲ့ မီးလ်တေလာကပြောပါတယ်။ တေလာနဲ့ သူမရဲ့ခင်ပွန်းဖြစ်သူတို့ဟာ သူတို့ရဲ့သုံးနှစ်အရွယ် သမီးငယ်လေးနဲ့အတူ ဒီအခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ “ဒီလိုအခမ်းအနားမျိုးကို ပါဝင်ဆင်နွှဲတာ ဒါ ဒုတိယအကြိမ်ဖြစ်တယ်” လို့ အိုလီဗီယာ နီလီဆိုသူက ပြောပါတယ်။ အိုလီဗီယာဟာ မကြာသေးခင်ကမှ သူမရဲ့ကာလရှည် လက်တွဲဖော်နဲ့ လမ်းခွဲခဲ့သူဖြစ်ပြီး ဒီအခမ်းအနားကို ပါဝင်ဆင်နွှဲခြင်းကြောင့် သူမဘဝရဲ့ အစစ်အမှန်ဆုံး သူရဲကောင်းဟာ သူမကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကို ထင်ထင်ရှားရှားပိုသိလာတယ်လို့လည်း ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up