မွတ်စလင်ညီနောင်များအဖွဲ့အား ထောက်ခံဆန္ဒပြသူ ၇၅ ဦးကို သေဒဏ်ချမှတ်
အီဂျစ်နိုင်ငံမှာ မွတ်စလင်ညီနောင်များအဖွဲ့ကို ထောက်ခံတဲ့ ၂၀၁၃ ထိုင်သပိတ်မှောက် ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေအပါအ၀င် လူ ၇၅ ဦးကို စက်တင်ဘာလ ၈ ရက်မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။
သေဒဏ်ချမှတ်ခံရသူတွေထဲမှာ ညီနောင်များအဖွဲ့ ဘာသာရေးခေါင်းဆောင် မိုဟာမက် ဘာဒီလည်း ပါဝင်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အခု သေဒဏ်ချမှတ်ခံရသူတွေဟာ တရားမ၀င်ဆန္ဒပြပွဲဦးဆောင်မှု၊ လူသတ်မှု၊ အကြမ်းဖက်မှု စတဲ့ လုံခြုံရေးနဲ့ဆက်နွှယ်တဲ့ပြစ်မှုတွေနဲ့ စွပ်စွဲခံရသူတွေပါ။
အီဂျစ်တရားရုံးဟာ ဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး နောက်ထပ်လူ ၄၇ ဦးကိုလည်း ထောင်ဒဏ်တသက်စီ ချမှတ်ခဲ့ပါတယ်။
ဒါ့ပြင် နောက်ထပ် လူ ၆၀၀ ကျော်ကိုလည်း တနေ့တည်းမှာပဲ ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပါတယ်။
ကိုင်ရိုမြို့က ရက်ဘာ အယ်လ် အဒါဝီယာရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ မွတ်စလင်ညီနောင်များအဖွဲ့ကို ထောက်ခံတဲ့ဆန္ဒပြပွဲအတွင်း အဓိကရုဏ်းဖြစ်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့နှိမ်နင်းမှုကြောင့် လူရာချီသေဆုံးခဲ့ပါတယ်။