ငွေကြေးအလွဲသုံးမှုဖြင့် တိုင်ကြားခံရသည့် နမ့်ခုတ်စံပြ အထကကျောင်းအုပ်ကို စစ်ဆေး
DVB
·
September 8, 2018
ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် နမ့်ခုတ်စံပြ အထကကျောင်းအုပ် ဆရာမကြီးက ငွေကြေးအလွဲသုံးစားမှု ရှိတယ်လို့ဆိုကာ ကျောင်းသားမိဘတွေက ရှမ်းပြည်နယ် ပညာရေးမှူးဆီ တိုင်ကြားခဲ့တဲ့အတွက် စက်တင်ဘာ ၆ ရက်နေ့က စတင်စစ်ဆေးခဲ့ပါတယ်။
တိုင်ကြားထားသူတွေနဲ့ တိုင်ကြားခံရသူကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးဌာနအရာရှိတွေက နမ့်ခုတ်အထက ကျောင်းမှာ သွားရောက်စစ်ဆေးနေတယ်လို့ ရှမ်းပြည်နယ်ပညာရေးဌာနဦးစီးမှူးက ပြောပါတယ်။
ရှမ်းပြည်နယ် ပညာရေးဌာနဦးစီးမှူး ဦးဝင်းမောင်က “နမ့်ခုတ်အထက ကျောင်းအုပ်ဆရာမကြီးကို တိုင်ထားတဲ့အကြောင်းကို ရှေ့ဦး စုံစမ်းစစ်ဆေးရေးအဖွဲ့ပြီး သွားစစ်ဆေးနေတယ်။ စစ်ဆေးတဲ့အချက်အလက်ကိုကြည့်ပြီး ပေါ်ပေါက်လာတဲ့အပြစ်တွေကို ကြည့်ပြီး လိုအပ်ရင် ရုံချုပ်ကိုတင်ပြသွားမယ်” လို့ ပြောပါတယ်။
ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ခုတ်စံပြ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မြင့်ဆွေဟာ ကျောင်းပိုင်မီးစက်ကို ရောင်းချခဲ့တာအပါအ၀င် အချက် ၅ ချက်ကို ကျောင်းကော်မတီဝင်တွေနဲ့ ကျောင်းသားမိဘတွေက တိုင်ကြားထားတာပါ။
ကျောင်းပိုင်မီးစက်ရောင်းတာ၊ ကျောင်းပိုင် ဘတ္ထရီနဲ့ဆိုလာပြားတွေရောင်းတာ၊ ၂၀၁၇-၁၈ ပညာသင်နှစ် ပညာရေးမိသားစုမှ ထောက်ပံ့တဲ့ ဆင်းရဲနွမ်းပါးငွေ ကျောင်းသားတဦး ၂ သိန်းကို ၂ သောင်းစီ ဖြတ်တောက်တာ၊ ကျောင်း ဆရာ၊ ဆရာမ ကျန်းမာရေးကိုအကြောင်းပြီး ကျောင်းသား/သူထံ ငွေကြေးကောက်ခံတာ၊ နိုင်ငံတော် အသေးစားထောက်ပံ့ငွေကို သုံးတဲ့အခါ ပွင့်လင်းမြင်သာမှုမရှိတာ စတဲ့အချက်တွေ တိုင်ထားတယ်လို့ ကျောင်းကော်မတီဝင် ကိုစိုင်းနော်အောင်က ပြောပါတယ်။
ဒါ့အပြင် ကျောင်းအုပ်ဟာ ကျောင်းကော်မတီအဖွဲ့ဝင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းတွေ မရှိသလို ကျောင်းသားတွေကိုလည်း အကြောက်တရားနဲ့ အုပ်ချုပ်နေတယ်လို့ တိုင်ကြားသူတွေက စွပ်စွဲထားပါတယ်။
“အကြောက်တရားကင်းပြီး ကျောင်းနေပျော်ပြီး စာတော်တဲ့ ကလေးဖြစ်စေချင်တာပါ/ ကျမတို့ရွာမှာ အစဉ်အလာတခုရှိတယ်၊ ဘယ်အစည်းအဝေးမဆို ဘယ်ကျောင်းသားမိဘမှ စကားထပြောလေ့မရှိဘူး။ အဲ့ဒီ ကျောင်းသားမိဘက စကားထပြောလိုက်တာနဲ့တပြိုင်နက် နောက်နေ့ အဲကျောင်းသား အခန်းထဲမတ်တပ်ရပ်ရပြီ၊ အဲအစဉ်အလာကိုလည်း လက်မခံနိုင်ဘူး။ ကျမတို့ကလေးကို အကြောက်တရားနဲ့ မကြီးပြင်းစေဘူး” ကျောင်းသားမိဘတဦးဖြစ်တဲ့ နန်းခင်မာလတ်က ပြောပါတယ်။
စစ်ဆေးမှုပြုလုပ်နေတာကို မီဒီယာတွေက သတင်းရယူဖို့ ကြိုးစားရာမှာ ခွင့်ပြုချက်မရှိဘဲ ကျောင်းဝင်းထဲ မဝင်ရောက်ဖို့ ကျောင်းအုပ်ဆရာမကြီးက တားမြစ်ခဲ့ပါတယ်။
တိုင်စာကို ကျောင်းသားမိဘတွေနဲ့ ကျောင်းကော်မတီ အဖွဲ့ဝင် ၁၃ ဦးက ပြီးခဲ့တဲ့ သြဂုတ် ၃ဝ ရက်နေ့က တိုင်ကြားထားတာဖြစ်ပြီး အမှုမှန်ပေါ်ပေါက်ရေနဲ့ ကျောင်းအုပ်ဆရာမကြီးကို ပြောင်းလဲပေးဖို့ မျော်လင့်နေတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
နမ့်ခုတ် အထက ကျောင်းဟာ ကျောင်းသား ၇ဝဝ ကျော်ရှိပြီး ဆရာ၊ဆရာမ ၂ဝ ကျော်ရှိပါတယ်။