စစ်ကိုင်းမြို့ အုန်းတောကျေးရွာပိုင် ဘုံမြေ ပြန်ရရေး ဒေသခံ ၃၀၀ ခန့် ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာ မုံရွာ-ရွှေဘို-စစ်ကိုင်း တြိဂံလမ်းဆုံအနီးမှာရှိတဲ့ အုန်းတောကျေးရွာပိုင် ဘုံမြေကို ပြန်လည်ရရှိဖို့ စက်တင်ဘာ ၇ ရက် က ဒေသခံအင်အား ၃၀၀ လောက် ခွင့်ပြုမိန့်နဲ့ စစ်ကိုင်းမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။ ဦးဆောင်ဆန္ဒပြသူ ဦးကျော်စိုးက ''ရွာပိုင်မြေကို လမ်းဦးစီးက ရွာသူရွာသားတွေ မသိဘဲနဲ့ ဂရံ သုံးပိုင်း ဖောက်သွားတာကို ကျနော်တို့ သိရှိရတဲ့နှစ်က ၂၀၁၆ မှာ သိရှိရတာပါ၊ သူတို့ ဖောက်သွားတာ ၂၀၀၆ မှာပါ။ ၂၀၁၆ ကျမှ လာရှင်းပြီး ကျောက်တွေ သဲတွေ ပုံမှ ကျနော်တို့က ဒါဘာလုပ်မှာတုန်း၊ ရွှေတောင်က ငှားတာပါ၊ ကျနော်တို့က ကန့်ကွက်တယ်ဆိုတော့ လမ်းဦးစီးမှူးကို သတင်းပို့တဲ့အခါ ဂရန်ရှိပါတယ်ဆိုပြီး ဂရန်တွေလာပြီး ပြလိုက်တာ အဲကျမှ ရွာပိုင်မြေကို ဂရန်ရှိတာ သိလိုက်ရတာပါ၊ အရင်က ဘယ်သူမှ အသိပေး ကြေညာခြင်းမရှိပါဘူး၊ သူတို့ ဂရန်ဖောက်တယ်ဆိုတာသိရင် ကန့်ကွက်မှာပဲ၊ ကျနော်တို့ ရွာပိုင်မြေကို တလက်မမှ သူတို့ကို မပေးနိုင်ပါဘူး၊ ဒီမြေကို အသက်သေဆုံးသည်ထိ ကာကွယ်သွားမှာပါ။ ကျနော်တို့ အဆုံးအရှုံးမခံနိုင်ဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဘုံမြေ ပြန်လည်ရရှိရေး ဆန္ဒပြရာမှာ စစ်ကိုင်းဗိုလ်ချုပ်ကြေးရုပ်အနီး စတင်စုဝေးပြီး စစ်ကိုင်းမြို့တွင်း ပတ်ကာ ကမ်းနားရှိ ခရိုင် လမ်းဦးစီးဌာနနဲ့ မြို့နယ် လမ်းဦးစီးဌာနရုံးရှေ့ဖြတ်ပြီး ဆန္ဒပြခဲ့တာပါ။ အဲဒီမြေမှာ ၂၀၁၆ ခုနှစ်က သဲတွေ၊ ကျောက်တွေ လာရောက် စုပုံနေတာကို ဒေသခံတွေ စုံစမ်းကြည့်ရာမှ ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်ကိုင်းမြို့ လမ်းဦးစီးဌာနက ၂၀၀၆ ခုနှစ်မှ ဂရန် ရရှိလို့ အငှားချထားတာကို သိရှိခဲ့ရပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် နဲ့ စစ်​ကိုင်းမြို့နယ်​​ လယ်ယာမြေ နဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီကို စာတင်ထားတယ်လို့ သိရပါတယ်။ ဦးဆောင်ဆန္ဒပြသူ ဦးအောင်ကျော်ထွန်းက ''ကျနော်တို့ သွားရောက်တွေ့ဆုံခဲ့တာကတော့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးကို သွားရောက်တွေ့ဆုံခဲ့တာပါ။ ဦးစိုးဦးအနေနဲ့ ဒီကိစ္စကို ဝန်ကြီးအချင်းချင်း ညှိနှိုင်းပြီး ကူညီဆောင်ရွက်ပေးပါမယ်လို့ ကျနော်တို့ကို ကတိပေးခဲ့ပါတယ်။ လက်ရှိ ဈေးအဖြစ်လည်း သုံးနေတာလည်းအပါအဝင် ရွာပိုင်မြေအားလုံးကို ကျနော်တို့ရွာက ရရှိပိုင်ဆိုင်ပြီးတော့ ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောတဲ့နေရာမှာ ရွာဂုဏ်ဆောင် ဗိုလ်ချုပ်ပန်းခြံ တည်မယ်၊ ရွာရဲ့ မူကြို တည်ဆောက်မယ်၊ ရွာမှာ မရှိတဲ့ ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဆောက်မယ်၊ ဈေးကလည်း ကျဉ်းမြောင်းနေတော့ ဈေးကို တိုးချဲ့ပါမယ်၊ ဒါတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ အုန်းတောကျေးရွာပိုင် ဘုံမြေက ၂.၆၆ ဧက ကျယ်ဝန်းပြီး ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းမှ ကျေးရွာပိုင် ဘုံမြေအတွက် သတ်မှတ်ခဲ့ပြီး အုန်းတောကျေးရွာ ဘုံပိုင်မြေမှာ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းမှာ ကျေးရွာဈေး ဖွင့်လှစ်ခဲ့ပါတယ်။ အုန်းတောကျေးရွာပိုင် ဘုံမြေ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန စစ်ကိုင်းခရိုင် လမ်းဦးစီးရုံးကို သွားရောက်မေးမြန်းခဲ့ရာ ရုံးအတွင်း ဝန်ထမ်းတွေရှိပေမယ့် ရုံးအဝင် တံခါးတွေ ပိတ်ထားပြီး စစ်ကိုင်းမြို့နယ် လမ်းဦးစီးရုံး သွားရောက်မေးမြန်းရာမှာတော့ မြို့နယ်ဦးစီး မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။ သော်တာ

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up