သူရဲကောင်းစစ်သည် အောက်မေ့ဖွယ်နံရံတွင် အပေါ်ပိုင်းဗလာကျင်း ဓာတ်ပုံရိုက်ခဲ့သည့် အဆိုတော် ဝေဖန်ခံရ

ဓာတ်ပုံ - Indiana - via email
Not Girlfriend Material သီချင်းနဲ့ နာမည်ကြီးတဲ့ ဗြိတိန်ပေါ့ပ်အဆိုတော် အမျိုးသမီး အင်ဒီယာနာဟာ သူရဲကောင်းစစ်သည် အောက်မေ့ဖွယ်နံရံတခုအနီးမှာ အပေါ်ပိုင်းဗလာကျင်း အနေအထားနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတပုံကြောင့် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ သူဟာ အင်စတာဂရမ် အင်တာနက် လူမှုကွန်ရက် စာမျက်နှာပေါ်ကတဆင့် ဓာတ်ပုံ ၃ ပုံ တင်ခဲ့တာဖြစ်ပြီး ၂ ပုံကတော့ ပြီးခဲ့တဲ့ဇွန်လက ရိုက်ထားခဲ့တဲ့ပုံတွေ ဖြစ်ပါတယ်။ လက်ရှိ ဝေဖန်ခံနေရတဲ့ ဓာတ်ပုံမှာတော့ အသက် ၃၁ နှစ်အရွယ် အင်ဒီယာနာဟာ ဘောင်းဘီအတို၊ ရှူးစ်နဲ့ ခြေအိတ်ကိုသာ ဝတ်ဆင်ထားခဲ့ပြီး အပေါ်ပိုင်းဗလာကျင်း အနေအထားနဲ့ ရိုက်ယူထားခဲ့တာ ဖြစ်ပါတယ်။ ပထမကမ္ဘာစစ်တုန်းက အသက်ပေးလှူခဲ့ကြရတဲ့ စစ်သည်တွေအတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် နံရံမျက်နှာစာမှာ ရိုက်ကူးထားခဲ့တဲ့ ဒီဓာတ်ပုံထဲမှာတော့ သူက ဘေးတစောင်းအနေအထားနဲ့ ရင်သားတွေကို လက်နှစ်ဖက်နဲ့ ဖုံးကွယ်ထားဟန် ရိုက်ကူးခဲ့တာပါ။ ဟေဒန်ဒေးဗစ် ၉၃ အမည်နဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “ဒါ အရမ်းမိုက်တဲ့ ဓာတ်ပုံတပုံပါ။ ဒါပေမယ့် ဒီနံရံထက်ပိုကောင်းမယ့် (ခုလိုရိုက်ဖို့သင့်တော်မယ့်) နေရာ ခင်ဗျား ရှာမတွေ့ခဲ့တာလား။ ဒါက ခင်ဗျားမှာ ဒီနိုင်ငံအတွက် သူတို့ရဲ့အသက်တွေ ပေးဆပ်ခဲ့ရသူတွေကို မလေးစားတာကို ပြနေတာပဲ” လို့ ဝေဖန်မှတ်ချက်ရေးခဲ့ပါတယ်။ ဂျင်မ်ဘရော့ဒ်ဘန့် အမည်ရတဲ့ အင်တာနက်အသုံးပြုသူတဦးကတော့ “ကမ္ဘာစစ်တုန်းက သေဆုံးသူတွေအတွက် အောက်မေ့ဖွယ်နံရံရှေ့မှာ ဒါတော်တော်လေးဆိုးတာပဲ” လို့ ရေးလိုက်ပါတယ်။ ကလေးနှစ်ဦးရဲ့မိခင်ဖြစ်တဲ့ ပေါ့ပ်အဆိုတော်ကတော့ ပထမကမ္ဘာစစ်တုန်းက အသက်ပေးခဲ့ကြတဲ့ စစ်သည်တွေအနေနဲ့ ဒါကို လက်ခံနိုင်လိမ့်မယ်လို့ ပြောလိုက်ပါတယ်။ “နိုင်ငံအတွက် အသက်ပေးလှူခဲ့ကြတဲ့ ဒီကောင်လေးတွေအနေနဲ့ ရင်သားတွေ ဘေးတစောင်းနဲ့  တချက်ကလေး မြင်တွေ့ရရင် ကျေနပ်နေကြမှာပါပဲ။” အင်ဒီယာနာဟာ  ဒီဓာတ်ပုံကို လန်ဒန်မြို့ ဘုရားကျောင်းတခုရဲ့ မြေအောက်ခန်းမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဒါကို စစ်အတွင်း ကျဆုံးသွားခဲ့တဲ့ အောက်မေ့ဖွယ်နံရံမှန်း သတိမထားမိခဲ့ဘူးလို့ ပြောပါတယ်။ “ကျမ ဒါကို သတိမထားမိခဲ့ဘူးရှင့်။ ကျမတို့ အရက်တွေ သောက်ခဲ့ကြတယ်။ ဒါက လူသေအလောင်းတွေပဲလေ။ ဒါက ဘာကြောင့် ဆိုးဆိုးဝါးဝါးဖြစ်နေရမှာလဲ။” သူ့ရဲ့ ပရိသတ်တချို့ကတော့ ဒီချေပပြောဆိုမှုကို ထောက်ခံခဲ့ကြပါတယ်။ ဒါ့ခ်ဆီးခရက်လပ်ဗ် အမည်ရတဲ့ အင်စတာဂရမ် အသုံးပြုသူတဦးကတော့ “အနုပညာမြောက်တဲ့ ဓာတ်ပုံတပုံပါပဲ။ အကြည့်တွေက မိုက်တယ်။ အမုန်းစကားတွေကို ခေါက်ထားလိုက်” လို့ မှတ်ချက်ရေးခဲ့ပါတယ်။ အင်ဒီယာနာရဲ့ ဒုတိယမြောက် သီချင်းအယ်လ်ဘမ်ဖြစ်တဲ့ Not Girlfriend Material ကိုတော့ လက်ရှိမှာ အိုင်ကျူးန်စ် (iTunes)၊ အမေဇုန် (Amazon) နဲ့ စပေါ့တီဖိုင်း (Spotify) အင်တာနက်စာမျက်နှာပေါ်ကတဆင့် နားဆင်နိုင်ပြီဖြစ်ပြီး လာမယ့် နိုဝင်ဘာလလယ်ပိုင်းမှာတော့ နယ်လှည့်ဖျော်ဖြေပွဲတွေ သီဆိုသွားဖို့ ရှိနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up