Home
မြန်မာသတင်း
သောင်တင်သင်္ဘောထားခဲ့သည့် ဆွဲသင်္ဘောသားများကို စစ်ဆေး၊ ဆယ်ယူရေးအဖွဲ့ လာမည်
DVB
·
September 7, 2018
မြန်မာ့ပင်လယ်ပြင်မှာ  သောင်တင် ကုန်တင်သင်္ဘောကို ထားရစ်ခဲ့တဲ့ ဆွဲသင်္ဘောက သင်္ဘောသားတွေကို စစ်ဆေးနေပြီး ဥပဒေကြောင်းအရ ဆောင်ရွက်သွားမှာဖြစ်သလို စင်ကာပူက သင်္ဘောဆယ်ယူရေး ကျွမ်းကျင်သူတွေ လာရောက်မယ်လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြောကြားလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် သမ္မစိတ္တကျေးရွာ အပြင်ဘက် စစ်တောင်းမြစ်ဝအနီး မြန်မာ့ပင်လယ်ပြင်မှာ MV Sam Ratulangi ကုန်တင်သင်္ဘော သောင်တင်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မနေ့က ဗိုလ်တထောင်မြို့နယ် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားလိုက်တာလို့ နိုင်ငံပိုင်သတင်းမှာ ဖော်ပြပါတယ်။ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသောင်းကြိုင်က သောင်တင်တဲ့နေရာဟာ နိုင်ငံသားတွေ ငါးဖမ်းတဲ့ ငါးဖမ်းကွက်ဖြစ်တာကြောင့် သင်္ဘောပျက်ကို မြန်မာ့ရေပိုင်နက်ထဲက ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သင်္ဘောပျက် သောင်တင်ပြီး ထားရစ်ခဲ့တဲ့ ဆွဲသင်္ဘောက သင်္ဘောသားတွေကို တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှာ စစ်ဆေးနေတယ်လို့ ပြောပါတယ်။ “ဒီမတော်တဆမှုဟာ တမင်တကာဖြစ်အောင် ဆောင်ရွက်ခဲ့တာလား၊ မတော်တဆဖြစ်ပြီး ဆောင်ရွက်ခဲ့တာလားဆိုတာ စစ်ဆေးနေပါတယ်။ သင်္ဘောသားတွေ ထွက်ဆိုချက် သက်သေခံအထောက်အထား အားလုံးနဲ့ သူတို့ရဲ့ အချက်အလက်တွေကို ဌာနမှာရှိတဲ့ ကျွမ်းကျင်သူတွေ သွားရောက်ပြီး စစ်ဆေးနေပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီး အချက်အလက်တွေနဲ့ နိုင်ငံတော်ရှေ့နေချုပ်ရုံးကို တင်ပြပြီး ဥပဒေကြောင်းအရ ဆွဲသင်္ဘောနဲ့ ပတ်သက်တာကို ဆက်ပြီး ဆောင်ရွက်နေတယ်” လို့ ဦးသောင်းကြိုင်က ပြောပါတယ်။ မြန်မာနိုင်ငံ ကုန်သည်သင်္ဘော အက်ဥပဒေအရ ရေယာဉ်ပျက်တခု တွေ့ရှိပါက သင်္ဘောအက်ဥပဒေ ၂၇၃ အရ သင်္ဘောပျက်လက်ခံရေး ထိန်းသိမ်းရေးအဖွဲ့ကို ဖွဲ့စည်းပြီး ရေယာဉ်ပျက်ထိန်းသိမ်းရေး လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အခုလက်ရှိ စစ်ဆေးနေတဲ့ အင်ဒိုနီးရှား သင်္ဘောသားတွေကို အင်ဒိုနီးရှားသံရုံးက တွေ့ခွင့်ပေးဖို့ ဆက်သွယ်လာကြောင်း၊ စစ်ဆေးမှုတွေပြီးပါက မြန်မာနိုင်ငံခြားရေးရုံးကို အကြောင်းကြားပြီး ခွင့်ပြုပါက တွေ့ခွင့်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သောင်တင် ကုန်တင်သင်္ဘောအား ဖယ်ရှားဖို့အတွက် အာမခံကုမ္ပဏီဖြစ်တဲ့ စင်ကာပူအခြေစိုက် First Capital ကုမ္ပဏီက အကြောင်းကြားလာပြီး ရေယာဉ်ပျက်ဖယ်ရှားမယ့် ကျွမ်းကျင်အဖွဲ့တွေ မြန်မာနိုင်ငံကို စက်တင်ဘာ ၇ ရက်နေ့ ရောက်ရှိမယ်လို့ သိရပါတယ်။ သင်္ဘောကုမ္ပဏီကလည်း သောင်တင်သင်္ဘောကြောင့် ပြည်သူတွေ အထိတ်တလန့် ဖြစ်ခဲ့ရမှုအတွက် ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး တောင်းပန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024