Home
မြန်မာသတင်း
ဥရောပနည်းပညာနှင့် လျှပ်စစ်ဘတ်စ်ကားများ ထုတ်မည်
နေဖြိုးဝင်း
·
September 6, 2018
သာဂရ အမှတ် ၁၄ အကြီးစားစက်ရုံကနေ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ဥရောပ နည်းပညာနဲ့ လျှပ်စစ်ဘတ်စ် ကားတွေထုတ်လုပ်ဖို့ ပုဂ္ဂလိကကုမ္ပဏီတခုနဲ့ ညှိနှိုင်း ဆွေးနွေးပြီး ဖြစ်တယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးက ဆိုပါတယ်။ "သာဂရစက်မှုနယ်မြေမှာရှိတဲ့ ဒီဇယ်အင်ဂျင်ထုတ်တဲ့ အမှတ် ၁၄ အကြီးစားစက်ရုံမှာ diesel fuel ကို LNG နှစ် မျိုးသုံး Dual fuel type အင်ဂျင်တွေကို ဈေးကွက်ဝင်ပစ္စည်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးနဲ့ ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ လျှပ်စစ်ဘတ်စ်ကား(Electric Bus) တွေကို ဥရောပနည်းပညာနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် Green Power Myanmar Co.,Ltd. နဲ့ အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ပြီဖြစ်ပါတယ်" ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းနဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့နဲ့ပတ်သက်ပြီး ပူးပေါင်း ကော်မတီ နှစ်ရပ်ရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာပါ မူသဘော အကြောင်းအရာတွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေအပေါ် ပြန်လည်ရှင်းလင်းတာမှာ အခုလို ပြောတာပါ။ ဒါ့အပြင် "အမှတ် ၁၅ အကြီးစားစက်ရုံက စက်ကိရိယာတွေကိုအသုံးပြုပြီး ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဈေးကွက်လိုအပ်ချက်အရ လူနာတင်ယာဉ်(Ambulance)တွေကိုလည်း တင်ဒါ စနစ်နဲ့ လိုအပ်တဲ့ယာဉ်နဲ့ဆက်စပ်ပစ္စည်းတွေဝယ်ယူပြီး ထုတ်လုပ်နိုင်ခဲ့လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို အပ်နှံပြီးဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတွေရဲ့ အမှာစာတွေ လက်ခံရရှိ လို့ ပြည်တွင်းမှာ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်ရောင်းချနိုင်ရေးကိုလည်း ညှိနှိုင်း ဆောင်ရွက်ပြီး ဖြစ်ပါတယ် " လို့ ဆိုပါတယ်။ စက်မှုဝန်ကြီးဌာနမှာ စက်ရုံပေါင်း ၁၁၃ ရုံရှိတဲ့အနက် စက်ရုံ ၅၇ ရုံကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ကျန် ၅၆ ရုံထဲက ၂၄ ရုံကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အစမှာ ယာယီ ရပ်ဆိုင်းထားခဲ့ပါတယ်။ ဒီရပ်နားထားတဲ့ စက်ရုံတွေကို Public Private Partnership(PPP) စနစ်နဲ့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဓာတ်​ပုံ myanmar union parliment
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024