Home
မြန်မာသတင်း
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘုံသဘောတူချက်ရရေး ဆွေးနွေး
နန်းမြနဒီ
·
September 6, 2018
တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြား ဘုံသဘောတူညီချက်ရပ်တည်ချက်တွေ ရရှိရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ NCA-S EAO PPST က ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်ပြီး  NCA-S EAO PPST ရဲ့ ၂၄ ကြိမ်မြောက် အစည်းအဝေးလည်း ဖြစ်ပါတယ်။ ဆွေးနွေးပွဲသဘာပတိအဖြစ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနဲ့ ဒုတိယ သဘာပတိအဖြစ် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ဆောင်ရွက်ပြီး  နိုင်ငံရေးဆွေးနွေးမှုကဏ္ဍဆိုင်ရာ လုပ်ငန်းကော်မတီ များ အစည်းဝေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း -၂၊ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကာလအတွင်း PPST ရဲ့ လုပ်ငန်း ဆောင်ရွက်ချက်နဲ့ ရလဒ်တွေကို  ပြန်လည် အစီရင်ခံတင်ပြခဲ့ကြတယ်လို့ NCA-S EAO PPST က ထုတ်ပြန်ထားပါတယ်။ အဆိုပါတင်ပြချက်တွေပေါ် ညှိနှိုင်းဆွေးနွေးပြီး ဘုံရပ်တည်ချက်ကို သတ်မှတ်ဖို့၊ အဲဒီဘုံ ရပ်တည်ချက်ပေါ်အခြေခံပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေ ချမှတ်မယ်လို့ သဘာပတိ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ဆွေးနွေးပွဲအဖွင့်အမှာစကားမှာ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် လုပ်ငန်းစဉ်တွေကိုလည်း လက်ရှိဖြစ်တည်နေတဲ့ အလွတ်သဘော ဆွေးနွေးပွဲ ကနေ နက်ရှိုင်းစွာနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ နိုင်ငံရေး ခံယူချက် ကွာဟမှုတွေ ကြိုးစားစေ့စပ်ညှိနှိုင်းသွားရမယ်၊  တနည်းအားဖြင့် အနာဂတ်ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ဖို့အတွက် ဘုံရည်မှန်းချက်၊ ဘုံစံနှုန်းတွေကိုရအောင် ညှိနှိုင်း သွားကြမယ်လို့ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ NCA စာချုပ်ကို အရင်လက်မှတ်ထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ NCA-S EAO PPST အပြင် နောက်ပိုင်းမှာမှ လက်မှတ်ထိုးခဲ့တဲ့ မွန်ပြည်သစ်ပါတီ (NMSP)နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)က ကိုယ်စားလှယ်တွေပါ တက်ရောက်ခဲ့ကြပါတယ်။ အပစ်ရပ်  ၈ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်အယ်လ်အေ-ပီစီ)၊ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (ပီအန်အယ်လ်အို)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (အေအယ်လ်ပီ) နဲ့ အာစီအက်စ်အက်စ်/အက်စ်အက်စ်အေ တောင်ပိုင်း စတဲ့ အဖွဲ့တွေ ပါဝင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024