Home
မြန်မာသတင်း
ရှစ်လေးလုံး နှစ်ပတ်လည်နေ့အတွက် ၀န်ကြီး ၂ ဦး ငွေ ၁၀ သိန်းလှူဒါန်း
ရွှေအောင်
·
August 7, 2012
မန္တလေးမြို့မှာ ကျင်းပမယ့် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပဖို့အတွက် ပြည်ထောင်စုဝန်ကြီး ၂ ဦးက ငွေကျပ် ၁၀ သိန်း လာရောက် လှူဒါန်းသွားပါတယ်။ [caption id="attachment_28899" align="alignleft" width="300" caption="အလှူငွေ ပေးအပ်နေစဉ်"][/caption] ဩဂုတ်လ ၈ ရက်မှာ ကျင်းပမယ့် ရှစ်လေးလုံး အရေးတော်ပုံငွေရတုအကြို ၀ါဆိုသင်္ကန်းကပ်လှူမယ့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အလယ်တိုက်ကြီး၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်ကို ဒီနေ့ညနေပိုင်းမှာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ ရောက်ရှိလာပြီး လှူဒါန်းသွားတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦး အခုလိုလာရောက်တာဟာ သမ္မတဦးသိန်းစိန်ရဲ့ ခွင့်ပြုချက်နဲ့ လာတာဖြစ်တဲ့အကြောင်း ပြောပြီး၊ ကျောင်းထိုင်ဆရာတော်တွေအတွက် အလှူငွေ ၂ သိန်း၊ ရှစ်လေးလုံးပွဲ ကျင်းပဖို့အတွက် ၁၀ သိန်းလှူဒါန်းခဲ့ကြတာလို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီက ပြောပါတယ်။ အခုလို အစိုးရအဖွဲ့ဝင် ၀န်ကြီး ၂ ဦးက ရှစ်လေးလုံးအခမ်းအနားကျင်းပဖို့ ငွေလာလှူတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကောင်းတဲ့လက္ခဏာအဖြစ် ရှုမြင်ကြောင်း ကိုဂျင်မီက ပြောပါတယ်။ “အများကြီး ထူးခြားတာပေါ့။ ကျနော်တို့ကတော့ဒါကို ကောင်းတဲ့ဘက်က မြင်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ကောင်းတဲ့ဟာပါပဲ။ သမ္မတကြီးက မှာလိုက်တဲ့ စကားတခွန်း ကျနော်တို့ မှတ်သားမိပါတယ်။ အဲဒါက ကျနော်တို့တတွေက ခါးသီးတဲ့အချိန်တွေ ဖြတ်သန်းခဲ့ရပါတယ်။ အခုချိန်မှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၀ိုင်းဝန်းလုပ်ကိုင်ရမယ့်အချိန်ပါပဲ။ အဲဒီအတွက် ဒီမိုကရေစီကို အောင်အောင်မြင်မြင်နဲ့ ဖော်ဆောင်နိုင်ဖို့ ၀ိုင်းဝန်းပြီး လုပ်ကြရအောင် ဆိုတဲ့ စကားတခွန်း ပါးလိုက်ပါတယ်။ ဒါကိုလည်း ၀န်ကြီး ဦးစိုးသိန်းက ကျနော်တို့ကို ပြောပြပါတယ်။” မနက်ဖြန်မှာ ကျင်းပမယ့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတု အကြိုအထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့ ဘုရားကြီးကျောင်းတိုက် ဒက္ခိဏာရာမ ကျောင်းတိုက်မှာ ပြုလုပ်မှာဖြစ်ပြီး ဒီနေ့ မြန်မာနိုင်ငံအနှံ့က ရှစ်လေးလုံးအရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ ရောက်ရှိနေကြပြီလို့ ရှစ်လေးလုံး ငွေရတုအကြို ကျင်းပရေးအဖွဲ့ ပြန်ကြားရေးကော်မတီက ကိုမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကြံ့ခိုင်ရေးပါတီကိုလည်း ဖိတ်ကြားထားတယ်လို့ ဆိုပါတယ်။ “ကချင်ကိုလည်း ဖိတ်ထားပါတယ်။ တိုင်းရင်းသားတွေက ရန်ကုန်ကလည်း တချို့လာမယ်။ ကချင်ဘက်ကလည်း လာမယ်။ အများကြီးတော့ မလာနိုင်လောက်ဘူး။ လမ်းပန်းဆက်သွယ်ရေး ဝေးတယ်လေ။ ရှမ်းလည်း လာမယ်။ ချင်းတို့ကတော့ လက်လှမ်းမမီဘူးဗျ။ ကလေး၊ ကလေးဝ ဘက်ကတော့လာမယ်။ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးကိုလည်း ဖိတ်ထားပါတယ်။ အခုထိတော့ သူတို့ ဘယ်လောက် လာတက်မယ် မတက်မယ်ကတော့ မသေချာဘူး။ အန်အယ်လ်ဒီကတော့  မြို့နယ်အလိုက် လူငယ်တွေ လုပ်အားပေးဖို့ရော၊ ကျရာတာဝန်ယူဖို့ရော အင်အား ၂၀ လောက်ထိ တာဝန်ယူကြမှာပါ။ ပရိသတ် ၅၀၀ ကနေ ၁၀၀၀ အကြားမှန်းထားပါတယ်။” ရှစ်လေးလုံးငွေရတုအကြို အခမ်းအနားကို ကျဆုံးသွားတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို ရည်စူးပြီး သံဃာတော် ၈၈ ပါးကို ၀ါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းမှာ ဖြစ်သလို ရှစ်လေးလုံးနဲ့ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်တွေလည်း ပြသမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024