အလုပ်သမားအရေးဆောင်ရွက်သူ အဖမ်းဆီးခံရ
DVB
·
August 7, 2012
မန္တလေးအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်ပေးတဲ့ ကိုအေးသိန်းဟာ ဒီနေ့ ဖမ်းဆီးခံခဲ့ရပြီး မန္တလေးမြို့ အမှတ် ၃ ရဲတပ်ဖွဲ့မှာ ချုပ်နှောင်ခံထားရတယ်လို့ ကိုအေးသိန်းရဲ့ မိသားစုဝင် မမိုးက ပြောပါတယ်။
“ကျနော်သိတဲ့အချိန်က ၈ နာရီလောက်က ဦးအေးသိန်း အမှတ် ၃ မှာ ရောက်တယ်လို့ ပြောတာ။ မနက် ၉ နာရီ ကျော်ကျော်က သွားတယ်။ တွေ့လို့မရဘူးတဲ့။ ကိုအေးသိန်းရှိလားဆိုတော့ ရှိတယ်တဲ့။ တွေ့ခွင့်မရသေးဘူးဆိုတော့ ပြန်လာခဲ့လိုက်တယ်။”
ဒီနေ့ နေ့လယ်ပိုင်းကလည်း အမှတ် ၃ ရဲစခန်းမှာ မိသားစုဝင်တွေက ကိုအေးသိန်းနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ် ရဲစခန်း တာဝန်ရှိသူတွေက တွေ့ခွင့်မပေးဘဲ အစားအသောက်နဲ့ ပစ္စည်းတချို့ကိုသာ ပို့ခွင့်ရတယ်လို့ မမိုးကပြောပါတယ်။
ကိုအေးသိန်းဟာ မန္တလေးမြို့ စည်ပင်သာယာအဖွဲ့ကနေ ကိုင်းတန်းဈေးကို ပြောင်းရွှေ့ခိုင်းရာ ဈေးသည်အများစုက မပြောင်းရွှေ့ချင်ကြတဲ့အတွက် အာဏာပိုင်တွေနဲ့ ဈေးသည်တွေကြား ပဋိပက္ခဖြစ်နေတာမှာ ဈေးသည်တွေ ဘက်ကနေ ဆောင်ရွက်ပေးနေသူ ဖြစ်ပါတယ်။
ဒီနေ့ မနက်အစောပိုင်းမှာ ဈေးသည် ၁၀၀ လောက် မြို့နယ် စည်ပင်သာယာရုံးရှေ့ ဆန္ဒဖော်ထုတ်တဲ့အခါ အာဏာပိုင်တွေကနေ ဈေးသည် ကိုယ်စားလှယ်နဲ့ ပြောဆိုဆွေးနွေးလိုတဲ့အကြောင်း တောင်းဆိုခဲ့တဲ့အတွက် ကိုအေးသိန်းလည်း ၀င်ရောက်ဆွေးနွေးခဲ့တဲ့အကြောင်း မန္တလေးအခြေစိုက် သတင်းထောက်တဦးက ပြောပြပါတယ်။
ကိုအေးသိန်းကို အမှတ် ၃ ရဲစခန်းက တရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေက ပြောပေမယ့် ဘာအမှုနဲ့၊ ဘာကြောင့်တရားစွဲတာလဲဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
“ဘာကြောင့် တရားစွဲသလဲတော့ မသိဘူး။ မနေ့ကတော့ မြို့တော်ဝန်နဲ့ တွေ့တယ်၊ နောက် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူးတို့နဲ့ တွေ့ဆုံတော့ လူစုခွဲလိုက်ပါလို့ပြောတယ်။ ကျနော်တို့လည်း ဟုတ်ပြီဆိုပြီး တာဝန်ယူလိုက်တယ်။ ဒါပေမယ့် တခုရှိတာက ကိုအေးသိန်းက အပြင်ပြန်ထွက်လာတော့ မြို့တော်ဝန်က ပြည်သူ့မျက်နှာကို မကြည့်နိုင်ဘူးဆိုတာမျိုးတွေတော့ ပြောလိုက်တာမျိုးရှိတယ်။”
ကိုအေးသိန်းဟာ ကလေးစစ်သားကိစ္စ၊ အဓမ္မလုပ်အားစေခိုင်းမှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (အိုင်အယ်လ်အို)နဲ့ ချိတ်ဆက် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။