Home
မြန်မာသတင်း
မြောက်စည်းရွာ ရှားတောကြီးစိုက်မြေ ၄ ဧက ကျော် ကမ်းပါးပြို
DVB
·
September 6, 2018
ကလေးမြို့နဲ့ မိုင် ၂၀ ကျော် ဝေးတဲ့ မြောက်စည်းရွာ တောင်ပိုင်း ရှားတောကြီးလို့ ခေါ်တဲ့ ရွာဘုံမြေတွေထဲက ၄ ဧကကျော်ဟာ အခုနှစ် မိုးရာသီမှာပဲ နန်းကသဲ ချောင်းရေ တိုက်စားတာကြောင့် ပြိုကျနေပြီး နေအိမ်အချို့ ပြောင်းရွှေ့နေရတယ်လို့ ကျေးရွာအုပ်စု ဥက္ကဋ္ဌ ကိုစိုးမိုးသိန်းက ပြောပါတယ်။ "ကျနော်တို့ ရွာတောင်ပိုင်းမှာ ရှားတောကြီးဆိုတာ အခုဟာက ၄ ဧက ကျော်ပါသွားပြီ။ ခု ကုန်သလောက် ဖြစ်သွားပြီ။ ပြီခဲ့တဲ့နှစ်က ပြိုကျတာရဲ့ မြေထိန်းနံရံရဲ့ အထိပ်ကို ရောက်လာပြီဆိုတော့ နေအိမ်တွေ စိုးရိမ်နေရပြီ။" ရှားတောကြီး ရွာဘုံမြေတွေ ရေတိုက်စားတဲ့အပြင် ကမ်းပါးတိုက်စားမှုက နေအိမ်အချို့ ကိုပါ ခြိမ်းခြောက်နေတာကြောင့် ပြောင်းရွှေ့နေကြပြီး အချို့အိမ်ခြေတွေကို အရေးပေါ် ပြောင်းရွှေ့နိုင်ရေး စီစဉ်ထားပြီးလို့ စောင့်ကြည့်နေကြပါတယ်။ အဲ့ဒီ ကမ်းပါးပြိုကျမှုတွေ မဖြစ်အောင် သက်ဆိုင်ရာက ၂၀၁၇ ခုနှစ်မှာ မြေထိန်းနံရံ တခုကို တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ၅ လပိုင်းမှာလည်း ရေကြောင်းလွှဲဖို့ ချောင်းလွှဲတခုကို တည်ဆောက်ခဲ့ပါတယ်။ "ဒီနားကို စပြီး ပြိုလိုက်တဲ့အခါ ကျမတို့မှာ ည ၃ နာရီလောက်ထိ အိပ်မရတော့ဘူး။ ပစ္စည်းတွေလည်း ကျမတို့ သိမ်းရပါတယ်။ ပြီးတော့ လူကြီးတွေ အကြောင်းကြားပြီးခါမှ ပြောင်းဖို့ခက်တဲ့ ပစ္စည်းတွေ အရင်ရွှေ့ပြီး နေရပါတယ်" လို့ ကမ်းပါးပြို နေရာအနီးနေထိုင်သူ မမာမာတင်က ပြောပါတယ်။ သဲချောင်းရေတိုက်စားမှုကြောင့် သက်ဆိုင်ရာက ကမ်းပါနံရံ ကျောက်စီတာနဲ့ ရေလွှဲမြောင်းတွေကို ဆောင်ရွက်ပေးခဲ့ပေမယ့် ကမ်းပါးထိန်းနံရံဟာ စက်တင်ဘာ ၅ ရက် မနက်ပိုင်း ၂ နာရီက ပြိုကျခဲ့ပါတယ်။ ရေကြောင်းလွှဲချောင်းဟာလည်း ပြီးခဲ့တဲ့ မိုးရာသီအစပိုင်းကတည်းက ပျက်စီးခဲ့ပါတယ်။ ဒီလို ကာကွယ်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ပေမယ့် ဆောင်ရွက်တဲ့ကာလတွေဟာ မိုးရာသီနဲ့ အချိန် နီးကပ်တာကြောင့် အရာမထင်ဘဲ ပျက်စီးခဲ့တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024