Home
မြန်မာသတင်း
ဘားအံမြို့တွင် စတုတ္ထအကြိမ် ရေကြီး၊ ကယ်ဆယ်ရေးစခန်း ၁၁ ခုတွင် လူ ၈၀၀၀ ကျော်ခိုလှုံ
နော်နိုရင်း
·
September 6, 2018
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် စတုတ္ထအကြိမ်မြောက် ထပ်မံရေနစ်မြုပ်နေပြီး ကယ်ဆယ်ရေးစခန်း ၁၁ ခုမှာ လူဦးရေ ၈၀၀၀ ကျော် ခိုလှုံနေရပါတယ်။ ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က “ရေကတော့ ပြန်တက်လာတာ။ ဒီနေ့မနက်ကို ၉၀၀ စင်တီမီတာ ဖြစ်သွားပါတယ်။ စိုးရိမ်ရေမှတ်က ၇၅၀ ပါခင်ဗျာ။ ရပ်ကွက်တွေထဲမှာ ရေပြန်ကြီးလာဆိုတော့ အရင်ရေကိုတော့ မမီသေးပါဘူး။ ရပ်ကွက် ၇-၈ ဘက်မှာတော့ နည်းနည်းပြန်ကျော်တာ ရှိပါတယ်။” ဘားအံမြို့မှာ သံလွင်မြစ်ရေတက်မှုကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကတည်းက ရေကြီးရေလျှံမှုတွေဖြစ်ပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားခဲ့ရပါတယ်။ ရေက ကျသွားပေမယ့် အကုန်မကျလို့ ကယ်ဆယ်ရေးစခန်းတချို့ ပိတ်ထားခဲ့ပေမယ့် ရေမကျသေးတဲ့ ရပ်ကွက်တွေမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားပေးခဲ့ရတာပါ။ လက်ရှိမှာတော့ ဘားအံမြို့နဲ့ သူ့နယ်ဆက်ကျေးရွာတခုမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားဆဲဖြစ်ပြီး လူပေါင်း ၈၀၀၀ လောက် ခိုလှုံနေတယ်လို့ အုပ်ချုပ်ရေးမှူး ဦးဇေထက်အောင်က ပြောပါတယ်။ “ကျနော်တို့ လွန်ခဲ့တဲ့ ၇ လပိုင်း ၂၃ ရက်နေ့ကတည်းက စခန်းစပြီး ဖွင့်တာဖြစ်တဲ့အတွက် ဒါဆိုအခု တလခွဲလောက်ရှိသွားပြီပေါ့ဗျာ။ အခက်အခဲတော့ သိပ်မရှိပါဘူး။ ဒီမှာ အစိုးရအဖွဲ့ကလည်း ထောက်ပံ့နေတယ်။ စေတနာရှင်ပြည်သူတွေ၊ အသင်းအဖွဲ့တွေရဲ့ အထောက်အပံ့တွေနဲ့ဆိုတော့ အခက်အခဲ သိပ်မရှိပါဘူး။” နိုင်ငံတဝန်း ရေကြီးရေလျှံမှုကြောင့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ကယ်ဆယ်ရေးစခန်းပေါင်း ၄၈၅ ခု ဖွင့်လှစ်ထားဆဲဖြစ်ပြီး လူဦးရေ ၂၂၀၇၀၂ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ လူကယ်ပြန်ဌာနက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်မှာတော့ ကယ်ဆယ်ရေးစခန်းအားလုံး ၁၄ ခု ဖွင့်လှစ်ထားပြီး အိမ်ထောင်စု ၁၈၉၉ စု၊ လူဦးရေ ၉၅၃၈ ဦး ယာယီရွှေ့ပြောင်း နေထိုင်နေကြရတယ်လို့လည်း လူကယ်ပြန်က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024