Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
September 6, 2018
ဒီတပတ် ဒီဗွီဘီရဲ့ Movie Crazy – DVB အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင်ဆက်နေကြဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင် ဇာတ်ကားတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။     မူဗီခရေဇီတွေကို ပထမဆုံး မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ Hollywood Family Drama ရုပ်ရှင်ပရိသတ်တွေအတွက်ပါ။ God Blessed the Broken Road လို့ အမည်ရပါတယ်။     ဒီကားကိုတော့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Harold Cronk က ပုံဖော်ရိုက်ကူး ပေးထားတာဖြစ်ပါတယ်။     အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ခင်ပွန်းဖြစ်သူဟာ အာဖဂန်နစ္စ တန်စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပြီး လူမမယ်သမီးတယောက်နဲ့ ကျန်နေခဲ့တဲ့ ဇနီးအမျိုး သမီးငယ်တယောက်ရဲ့ လှုပ်ရှားရုန်းကန်ရတဲ့ ဘ၀အခြေအနေတွေကို ရိုက်ကူးတင် ဆက်ထားတာပါ။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေကြားက ယုံကြည်မှု၊ ချစ်ခြင်း မေတ္တာတွေရဲ့ အရေးပါပုံတွေကို ဒီရုပ်ရှင်ကားထဲမှာ ရှုစားကြရမှာပါ။     ဒီကားထဲမှာ အမေရိကန် သရုပ်ဆောင်မင်းသမီးတွေဖြစ်ကြတဲ့ Lindsay Pulsipher, Jordin Sparks တို့နဲ့အတူ မင်းသား LaDainian Tomlinson တို့က အတွဲ ညီညီ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။     ဇာတ်လမ်းထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေဟာ ကလေးတွေကြည့်ရှုဖို့ မသင့်တော်တဲ့အတွက် PG အဆင့်သတ်မှတ်ချက်နဲ့ ဒီရုပ်ရှင်ကားဟာ Rotten Tomatoes မှာတော့ Rating 86 ရာခိုင်နှုန်းထိ ရရှိထားတာပါ။     ကြာမြင့်ချိန် ၁၁၁ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာ ၇ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ရုပ်ရှင်ကားကတော့ ရုံမတင်ခင်ကတည်းက Trailer နဲ့တင် နာမည်ကြီးနေခဲ့တဲ့ The Nun ! ဒီကားကိုတော့ ဗြိတိန်ရုပ်ရှင်ဒါရိုက်တာ Corin Hardy က ရိုက်ကူးပုံဖော်ပေးထား တာဖြစ်ပြီး Gothic Supernatural Horror Movie ကြိုက် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းတကားပါ။ ဒီရုပ်ရှင်ကားကိုတော့ Romania နိုင်ငံမှာ အခြေတည်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်ကာလက Nun တယောက်ဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ပြီး ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ပါတယ်။ ဒီအကြောင်းကို စုံစမ်းစစ်ဆေးဖို့ Father Burke နဲ့ Sister Irene တို့ ရောက်ရှိလာချိန်မှာ သူတို့ ဘာတွေကြုံတွေ့ရမလဲ။ ဘယ်လို သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲ။ ဒီအဖြစ်အပျက်နောက်ကွယ်မှာရော ဘယ်လိုအမှန်တရားတွေ ရှိနေသလဲဆိုတာတွေကို ဒီရုပ်ရှင်ကားထဲမှာ မကြာခင် ရှုစားကြရတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားထဲက အဓိကဇာတ်ကောင် မကောင်းဆိုးဝါး Nun-Valak နေရာမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသမီး Bonnie Aarons က သရုပ်ဆောင်ထားခဲ့တာဖြစ်ပြီး Father Burke အဖြစ် မက္ကဆီကန်သရုပ်ဆောင်မင်းသား Demián Bichir က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Sister Irene နေရာမှာတော့ အမေရိကန်သရုပ် ဆောင်မင်းသမီး Taissa Farmiga က သရုပ်ဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။ ထိတ်လန့်သွေးပျက်စရာ မြင်ကွင်းတွေ၊ ဇာတ်လမ်းဇာတ်ကွက်တွေ ပါဝင်နေတာမို့လို့ ဒီရုပ်ရှင်ကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ နာမည်ကြီး Warner Bros ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ Rotten Tomatoes မှာလည်း Rating 96 ရာခိုင်နှုန်းထိ ရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၉၆ မိနစ်သာရှိတဲ့ ဒီရုပ်ရှင်ကားကို လာမယ့် စက်တင်ဘာ ၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     ဒီတခါတော့ မူဗီခရေဇီတွေကို မြန်မာအက်ရှင် ကားတကားနဲ့ မိတ်ဆက်ပြောပြ ပေးချင်ပါတယ်။ Special 9 လို့ အမည်ရပါတယ်။     ဒီကားကိုတော့ Shwe Myanmar ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး အဆိုတော် ယုန်လေးက သူကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းကို ဒါရိုက်တာအဖြစ် ကိုယ်တိုင်ရိုက် ကူးပုံဖော်ထားတာပါ။     ရှမ်းပြည်နယ်နဲ့ တရုတ်နိုင်ငံဘက်ခြမ်းမှာ ခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရတဲ့ ဒီရုပ်ရှင် ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်မင်းသား မြင့်မြတ်နဲ့အတူ အဆိုတော်တွေလည်း အများကြီး ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။     ဂီတကိုရူးသွပ်တဲ့ လူငယ် ၆ ယောက်ဟာ ကြီးပြင်းလာချိန်မှာ အောင်မြင်တဲ့ အဆို တော်တွေ ဖြစ်လာခဲ့ကြတယ်။ တနေ့မှာ သူတို့ဟာ မူဆယ်ကို ဖျော်ဖြေရေးသွားခဲ့ကြပြီး နောက် တဖက်ခြမ်း တရုတ်ပြည်ထဲကို သွားလည်ပတ်ခဲ့ကြတယ်။ အဲဒီမှာတော့ ဒုစရိုက်မှုတွေနဲ့အတူ လက်နက်ကိုင်ဂိုဏ်းတွေ ကြီးစိုးနေတယ်။ ဒီအချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲ။     ကြမ်းကြမ်းရမ်းရမ်း တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေနဲ့ ရှုစားကြရမယ့် ဒီကားထဲမှာ မြင့်မြတ်ကို အထူးရဲအရာရှိတယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး အဆိုတော်ထူး အယ်လင်းကိုတော့ ဂိုဏ်းစတားတဦးအဖြစ် ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ ယုန်လေး၊ နိုင်းဝမ်း၊ သားသား၊ ထက်ယံ၊ စိုးနန္ဒာကျော်၊ ဆူဇီတို့နဲ့အတူ သရုပ်ဆောင်တွေအများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။     Special 9 ရုပ်ရှင်ကားအထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး ရုပ်ရှင် Trailer ဟာလည်း Facebook အင်တာနက်လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါးရှိနေခဲ့ပါတယ်။     ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။     နောက်ထပ် မိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားတကားရှိနေပါတယ်။ ဒီကားကတော့ Crime, Horror, Thriller အမျိုးအစား ရုပ်ရှင်တွေ နှစ်သက်ကြတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမှာပါ။ Mara လို့ အမည်ရပါတယ်။     ဒီကားကိုတော့ ဒါရိုက်တာ Clive Tonge က ကိုယ်တိုင်ဇာတ်လမ်းရေးပြီး ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ကာ Saban Films က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။     Criminal Psychologist တယောက်ဖြစ်တဲ့ Kate Fuller ဟာ လူတယောက် သေဆုံးမှုတခုအတွက် စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးခံရတယ်။ သေဆုံးတဲ့အမျိုးသားဟာ ထူးထူးဆန်းဆန်း လည်ပင်းညှစ်သတ်ခံခဲ့ရတယ်လို့ ယူဆရပြီး ဒီအခြေအနေမှာ သက်သေက သေဆုံးသူရဲ့ သမီး ၈ နှစ်အရွယ် Sophie ဆိုတဲ့ ကောင်မလေး ဖြစ်နေတယ်။ Sophie ကတော့ တရားခံကို Mara လို့ပဲ ပြောခဲ့တယ်။ အဲဒီ Mara ဆိုတာ ဘယ်သူလဲ။ Kate ဟာ ဒီအမှုကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားချိန်မှာ အိမ်ကြီးထဲက အရိပ်လိုလို တယောက်ယောက်က ခြောက်လှန့်ခံရပြီး သေဆုံးခဲ့ကြရတယ်ဆိုတာကို သိရပြီးနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲ။ သူ့ကိုရော ခြောက်လှန့်ခံရမလား။ အသက်အန္တရာယ်နဲ့ရော ရင်ဆိုင်ရနိုင်သလားဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။     ဒီကားထဲမှာ ပြင်သစ်မော်ဒယ်နဲ့ သရုပ်ဆောင်မင်းသမီး Olga Kurylenko နဲ့အတူ စပိန်သရုပ်ဆောင်မင်းသား Javier Botet, ဗြိတိန်သရုပ်ဆောင်မင်းသား Craig Conway တို့က တွဲဖက်ပါဝင်ထားကြတာပါ။     သွေးပျက်ထိတ်လန့်စရာကောင်းပြီး ကြမ်းတမ်းတဲ့ ပြကွင်းပြကွက်တွေ၊ သရုပ် ဆောင်မှုတွေ၊ ပြောစကား Dialog တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။     ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 6.7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ ရုတင်ပြသတော့မှာ ဖြစ်ပါတယ်။     မူဗီခရေဇီတွေကို နောက်ဆုံးမိတ်ဆက်ပြောပြပေးချင်တဲ့ ဇာတ်ကားကတော့ Romance, Drama ရုပ်ရှင်ပရိသတ်တွေ နှစ်သက်ကြမယ့် ဇာတ်ကားတကားပါ။ A Boy, A Girl, A Dream လို့ အမည်ရပါတယ်။     ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Qasim Basir က ရိုက်ကူးပုံဖော် ပေးထားတာ ဖြစ်ပါတယ်။     ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကာလကို အခြေတည်ရိုက်ကူးထားတဲ့ ဒီကားထဲမှာ အမေရိ ကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲကျင်းပတဲ့ ညတညဆီ အစပျိုးရိုက်ကူးထားတာပါ။ Los Angeles မြို့က Cass အမည်ရတဲ့ Club Promoter ကောင်လေးတယောက်နဲ့ Frida အမည်ရတဲ့ ကောင်မလေးတယောက် ဆုံကြရာကနေ ဖြစ်လာခဲ့တဲ့ ဇာတ်လမ်းတခုပါ။ ဒီကားထဲမှာတော့ အမေရိကန် သရုပ်ဆောင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Omari Hardwick နဲ့ Meagan Good တို့က အတွဲညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 7.2 ထိ ရရှိထားပြီး နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာလည်း Official Selection အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဇာတ်ကားပါ။ ကြာမြင့်ချိန်  ၈၉ မိနစ်သာရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ Movie Crazy-DVB အစီအစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညတိုင်း ၇.၃၀ နာရီမှာ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။ ကြည့်ရှုဖို့ မမီလိုက်တဲ့ ပရိသတ်တွေအနေနဲ့ ကြာသပတေးနေ့ည ၉.၃၀ နာရီ၊ စနေနေ့ နေ့လယ် ၁၂.၁၅ နာရီနဲ့ တနင်္ဂနွေနေ့မနက် ၉.၁၅ နာရီတို့မှာ ပြန်လည်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ Movie Crazy တွေအတွက် နိုင်ငံတကာနဲ့ မြန်မာရုပ်ရှင်ကားတွေကို ကောင်းနိုးရာရာ ရွေးချယ်တင်ဆက်ပေးနေတာဖြစ်ပြီး Movie Crazy-DVB ဆိုတဲ့ Facebook စာမျက်နှာကနေတဆင့်လည်း ၀င်ရောက်ကြည့်ရှု အားပေးနိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024