Home
မြန်မာသတင်း
တိုက်ပွဲများလျော့ချပြီး ပြည်သူကို အကာကွယ်ပေးရေးအဆို ပယ်ချခံရ
အောင်ဆန်းဦး
·
September 6, 2018
တိုက်ပွဲတွေလျော့ချပြီး ပြည်သူကို အကာကွယ်ပေးဖို့ တိုက်တွန်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပယ်ချလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်တွေရဲ့ တနေ့တခြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေပြီး နိုင်ငံကို ဆုတ်ယုတ်စေတဲ့အတွက် တိုက်ပွဲတွေ အမြန်ဆုံးလျှော့ချနိုင်ဖို့ ကြိုးပမ်းပြီး ပြည်သူတွေကို အကာကွယ်ပေးဖို့ အစိုးရကို တိုက်တွန်းတဲ့ အရေးကြီးအဆိုကို နမ္မတူ မဲဆန္ဒနယ်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးက စက်တင်ဘာ ၅ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ တင်သွင်းခဲ့ပါတယ်။ ဒီအရေးကြီးအဆိုကိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လွှတ်တော် အတွင်းမှာဆွေးနွေးပြီးမှ လုပ်ဆောင်ရမယ့်ကိစ္စ မဟုတ်တဲ့အတွက် လွှတ်တော်မှာ တင်သွင်းခွင့် ဆွေးနွေးခွင့် မပြုဘဲ ပယ်ချခဲ့တာလို့ အကြောင်းပြန်ခဲ့ကြောင်း အဆိုရှင်ဖြစ်သူ ဒေါ်နန်းခမ်းအေး က ဆိုပါတယ်။ “နိုင်ငံတော်ဟာ ဘယ်သူ့ကိုမဆို ဥပဒေအရ တန်းတူညီမျှ အခွင့်အရေးရရှိရမယ်။ အဲဒီအပြင် ဥပဒေရဲ့ အကာကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမယ်တဲ့။ အဲလို မဖြစ်နေဘူး။ ကျမတိုက လက်နှက်ကိုင်အဖွဲ့တွေရဲ့ မတရားညှဉ်းပန်းမှု၊ အတင်းအဓမ္မ ခြိမ်းခြောက်မှု၊ သူတို့ရဲ့ လုပ်အား၊ သူတို့ရဲ့ ဝန်ဆောင်မှု၊ သူတို့ရဲ့ ပစ္စည်းတွေကို ယူနေတာကို သူတို့က ခံနေရတယ်။ အဲဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ၃၅၃ မှာလည်း မည်သူ့ကိုမျှ တည်ဆဲဥပဒေနဲ့ အညီမှတပါး အသက်ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကို ဖြစ်စေ မရှိစေရလို့ ပြဋ္ဌာန်းထားတယ်။ အခုဖြစ်နေတာကလည်း ဒီနိုင်ငံသားတွေဖြစ်တယ်။ ဒီနိုင်ငံသား ဖြစ်နေတာကို ဒီနိုင်ငံတော်က တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် ဒီအဆိုကို ကျမတင်တာ။ အခု ဒီအဆိုကို ဘာကြောင့် မပေးသလဲဆိုတော့ ဒါဟာ လွှတ်တော်မှာတင်ပြီးတော့ အတည်ပြုမှ လုပ်လို့ရတဲ့ ဥစ္စာမဟုတ်ဘူး၊ ဥပဒေနဲ့ မညီညွတ်ပါဘူးဆိုပြီးတော့မှ ဒါကို တင်ခွင့်မရခဲ့ပါဘူး။” အဆိုရှင် နန်းခမ်းအေးအနေနဲ့ စက်တင်ဘာ ၃ ရက်နေ့ကလည်း ပြည်ထောင်စု လွှတ်တော် နာယကထံကို အရေးကြီအဆိုတခုတင်သွင်းခဲ့ပါတယ်။ အဲဒီအဆိုမှာတော့ နိုင်ငံရဲ့အနာဂတ်ကို ထိခိုက်စေတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ တွေကြောင့် ပြည်သူတွေ ဘဝလုံခြုံမှု ကင်းမဲနေတာ၊ အသက်နဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ဆုံးရှုံးနေတာတွေ လျော့ချနိုင်ဖို့အတွက် NCA ထိုးထားတဲ့အဖွဲ့တွေ၊ မထိုးရသေးတဲ့အဖွဲ့တွေ အပါအဝင် လက်နှက်ကိုင် အဖွဲ့အားလုံး တိုက်ပွဲတွေရပ်တန့်ဖို့ ဆုံးဖြတ်နိုင်တဲ့ လက်နက်ကိုင် အဖွဲ့အားလုံးရဲ့ ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ နည်းလမ်းကို အစိုးရက ဦးဆောင်ပြီး ဆောလျင်စွာ ဆောင်ရွက်ပေးဖို့ အရေးကြီးအဆိုဖြစ်ပြီး အဲဒီအဆိုကိုလည်း လွှတ်တော်နာယကက ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ “ပြည်ထောင်စုလွှတ်တော်မှာကြတော့ ဘာပြောလည်းဆိုတော့ ဒါက NCA လမ်းကြောင်းအရ လုပ်နေပြီလို့ အဲလိုပြောတယ်။ NCA လမ်းကြောင်းအရ လုပ်တာက လုပ်တာပဲ။ တစ်ဖက်ကလည်း ပြည်သူလူထုရဲ့ စီးပွားတိုးတက်ရေး၊ ဘဝလုံခြုံရေးကိုလည်း ဥပက္ခာမပြုဘဲ ဆောင်ရွက်ရမယ်။ ဒါက အစိုးရရဲ့ တာဝန်ပဲ။” ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမဖြစ်စေရ ပြဋ္ဌာန်းဖော်ပြထားသော်လည်း တိုက်ပွဲဖြစ်ပွားရာ ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ သက်ဆိုင်ခြင်းမရှိသကဲ့သို့ဖြစ်နေပြီး ခံစားခွင့် မရဖြစ်နေတဲ့အတွက် ပြည်သူတွေရဲ့ တောင်းဆိုမှုနဲ့ တင်သွင်းခဲ့တဲ့ အရေးကြီး အဆိုတွေ ဖြစ်တယ်လို့လည်း ဒေါ်နန်းခမ်းအေးက ဆိုပါတယ်။ အခုလို တင်သွင်းခွင့် မရတဲ့အပေါ်မှာတော့ ဒေသခံပြည်သူတွေကို အမှန်အတိုင်း ထုတ်ဖော်ပြောဆိုဖို့သာ ရှိတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေမှုဟာ လွတ်လပ်ရေး ရပြီးချိန်ကနေ လက်ရှိအချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့် အဆုံးသတ်နိုင်ဖို့ တော့ ခက်ခဲတဲ့ အခြေအနေမျိုးမှာ ရှိနေသေးတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရှမ်းပြည်မြောက်ပိုင်းမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ တပ်မတော်အကြား၊  တီအန်အယ်လ်အေ၊ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီနဲ့ အန်စီအေ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တပ်မတော် RCSS/SSA တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024