အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်မရခဲ့သည့်အတွက် လှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ တောင်းပန်

အာရှအားကစားပြိုင်ပွဲမှာ လှေလှော်အားကစားအဖွဲ့ ရခဲ့တဲ့ ရလဒ်တွေနဲ့ပတ်သက်လို့ မိမိမှာ တာဝန်အရှိဆုံးဖြစ်ပြီး ပြည်သူတွေမျှော်လင့်တဲ့ ရွှေတံဆိပ် ရယူနိုင်ခြင်းမရှိတာ တောင်းပန်တယ်လို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောပါတယ်။ ၁၈ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲကို သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့ပြီး လှေလှော်အားကစားအဖွဲ့ ရရှိခဲ့တဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၅ ရက်က မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှာ ကျင်းပခဲ့ရာမှာ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက အဲဒီလို တောင်းပန်စကား ပြောကြာခဲ့တာပါ။ မြန်မာလှေလှော်အဖွဲ့ဟာ အနောက်တိုင်းလှေ၊ ကနူး/ကယက်လှေနဲ့ ရိုးရာလှေပြိုင်ပွဲ သုံးမျိုးစလုံးမှာ ဝင်ယောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ် ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ အနောက်တိုင်းလှေနဲ့ ကနူး/ကယက်ပြိုင်ပွဲတွေမှာ စံချိန်ကောင်းမရခဲ့သလို ရွှေတံဆိပ်ရဖို့ မျှော်မှန်းထားတဲ့ ရိုးရာလှေပြိုင်ပွဲတွေမှာလည်း နောက်ဆုံးအဆင့်ပြိုင်ပွဲအထိ တက်ခဲ့ပေမယ့် ဆုတံဆိပ် ရယူနိုင်ခြင်း မရှိခဲ့တာပါ။ ပြိုင်ပွဲအနေအထားအရ ကစားရတဲ့ လှေအမျိုးအစား မတူညီတာ အပါအဝင် နည်းစနစ်ပိုင်းလိုအပ်တာ၊ ပြိုင်ဘက်တွေနဲ့ ကြံ့ခိုင်မှုပိုင်း မယှဉ်နိုင်တာနဲ့ ကစားသမားတွေ အသက်အရွယ်အရ အကျပိုင်း ရောက်နေတာတွေကြောင့်လည်း ဆုရနိုင်တဲ့စံချိန် မရခဲ့တာလို့ ဦးသောင်းထိုက်မင်းက ပြောပါတယ်။ မီတာ ၁၀၀၀ ရိုးရာလှေပြိုင်ပွဲမှာ မြန်မာအသင်းက ၄ မိနစ် ၄၃ စက္ကန့်နဲ့ ပန်းဝင်ခဲ့ပြီး လေ့ကျင့်စဉ်က ရရှိထားတဲ့ ၄ မိနစ် ၃၆ ဒသမ ၃၈ စက္ကန့်စံချိန်ကို မမီခဲ့တာကြောင့်လည်း ဆုတံဆိပ်နဲ့ လွဲခဲ့တာပါ။ မီတာ ၁၀၀၀ ပြိုင်ပွဲမှာ တရုတ်တိုင်ပေက ၄ မိနစ် ၃၁ ဒသမ ၁၈၅ စက္ကန့်နဲ့ ချန်ပီယံရွှေတံဆိပ် ရခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ၂၀၁၃ ဆီးဂိမ်းတုန်းက ၄ မိနစ် ၃၁ ဒသမ ၁၁ စက္ကန့်နဲ့ ရွှေတံဆိပ်ရခဲ့ဖူးပြီး ချန်ပီယံ တရုတ်တိုင်ပေထက် စံချိန်ကောင်းခဲ့ပေမယ့် အခုပြိုင်ပွဲမှာ စံချိန်မထိန်းနိုင်ခဲ့လို့ ဆုတံဆိပ်တွေနဲ့ လွဲချော်ခဲ့တာပါ။ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက အားကစားနည်း ၈ မျိုး ဝင်ပြိုင်ခဲ့ပြီး ဝူရှူးနဲ့ ပိုက်ကျော်ခြင်းကနေ ကြေးတံဆိပ် ၂ ခုပဲ ရခဲ့လို့ အဆင့် ၃၅ အထိကျဆင်းခဲ့ပြီး ၁၉၉၄ ဂျပန်အာရှအားကစားပြိုင်ပွဲပြီးနောက်ပိုင်း ၂၄ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up