တအာင်းလူမျိုးကို လူသားစားမျိုးနွယ်ဟု ခေါ်ဆိုခဲ့သူအား အရေးယူရန် ညွှန်ကြား
ပိုင်စိုး
·
September 5, 2018
ရှမ်းပြည်နယ်တောင်ပိုင်းက တအာင်းလူမျိုးတွေကို လူသားစားမျိုးနွယ်တွေလို့ ဖေ့စ်ဘွတ်ခ်မှာ ပြောဆိုခဲ့သူကို အရေးယူဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သက်ဆိုင်ရာဝန်ကြီးဌာနတွေကို စာနဲ့ ပေးပို့ထားပါတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက “မန်တုံ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တင်ပြလာလို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနကို လိုအပ်သလို အရေးယူပေးဖို့ စာနဲ့ ပို့ထားပါတယ်။ သြဂုတ် ၃၀ ရက်နေ့က ပို့တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့ညက ရှမ်းပြည်နယ်တောင်ပိုင်း ခိုလမ်မြို့၊ မက်မွန်လောင်းရွာ နားမှာ တအာင်း ပလောင်လူမျိုးတွေကို လူသားစားမျိုးနွယ်တွေ၊ ကျတ်တွေလို့ အမျိုးသမီး တယောက်က ဖေ့စ်ဘွတ်ခ်မှာ တိုက်ရိုက်လွှင့်ထုတ် ပြောဆိုခဲ့ပါတယ်။
အဲဒီဖေ့စ်ဘွတ်ခ်အကောင့်ဟာ Yuri Miko ဆိုတဲ့ နာမည်နဲ့ ဖြစ်ပြီး သူတင်တာကို တကယ်ယုံကြည်ပြီး မှတ်ချက်ပြောဆိုတာတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် ဝေဖန်ကန့်ကွက်တာတွေ ရှိလာခဲ့တဲ့နောက် အဲဒီဗွီဒီယိုကို ဖြုတ်ချသွားခဲ့သလို သူ့ရဲ့ အကောင့်မှာ သူတင်ချင်တာ တင်မယ်ဆိုတဲ့ စကားမျိုးတွေ၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ တွဲရိုက်ထားတဲ့ပုံတွေကိုပဲ တင်လာခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နမ့်စန် မြို့နယ်လုံးဆိုင်ရာ တအာင်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့၊ မန္တလေး တအာင်းလူငယ်များ၊ မြန်မာနိုင်ငံတအာင်း (ပလောင်) စာပေနဲ့ ယဉ်ကျေးမှု ဗဟိုကော်မတီ၊ နမ့်စန်မြို့နယ် တအာင်းလူငယ် စွမ်းရည်မြှင့်တင်ရေးအဖွဲ့ စတဲ့ အဖွဲ့ပေါင်း ၂၀ လောက်က ကန့်ကွက် ရှုတ်ချကြောင်းနဲ့ တောင်းပန်ဖို့၊ မတောင်းပန်ရင် ဥပဒေကြောင်းအရ တရားစွဲဆိုမယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် တအာင်းအမျိုးသားပါတီက မန်တုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းမိုးကလည်း အကောင့်ပိုင်ရှင်ကို အရေးယူပေးဖို့ နိုင်ငံတော် သမ္မတနဲ့ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တို့ကို စာနဲ့ ပေးပို့ တိုင်ကြားခဲ့ပါသေးတယ်။
သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက သြဂုတ် ၃၀ ရက်နေ့ကပဲ စာနဲ့ပေးပို့ထားတာကြောင့် လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေကို သိရဖို့ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအယ်လ်တူးမိန်းဂေါင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။