ခရိုင်းမီးယားကျွန်းဆွယ်တွင် လေထုညစ်ညမ်းမှုကြောင့် ကျောင်းနှင့်စက်ရုံများ ပိတ်

ဓာတ်ပုံ - Reuters
ခရိုင်းမီးယားကျွန်းဆွယ်က မြို့တမြို့မှာ လေထုညစ်ညမ်းမှုကြောင့် ကျောင်းတွေ၊ စက်ရုံတွေကို ပိတ်ထားရပါတယ်။ ခရိုင်းမီးယားအစိုးရဟာ အာရာမြန့်ခ်စ်မြို့က ထောင်နဲ့ချီတဲ့ ကလေးတွေကို သူတို့ကျောင်းတွေကနေ ဘေးကင်းရာဆီ စက်တင်ဘာ ၄ ရက်နေ့က ရွှေ့ပေးခဲ့ပါတယ်။ လေထုထဲမှာ ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ညစ်ညမ်းမှု မြင့်နေလို့ လေထုညစ်ညမ်းမှုအဆင့်ကို စိုးရိမ်ခဲ့ကြတာပါ။ သြဂုတ် ၂၃ ရက်တည်းက မြို့ထဲမှာ အနံ့ပြင်းတခု ထွက်လာတယ်။ ဒါကြောင့် လည်ချောင်းနာပြီး အသက်ရှူလမ်းကြောင်းနဲ့ ပါးစပ်တွေ ယားစေတယ်။ ဒေသခံဌာနတွေက လေ၊ ရေနဲ့ မြေထုညစ်ညမ်းမှုတွေကို စောင့်ကြည့်နေခဲ့တယ်။ အပူချိန်နဲ့ ရာသီဥတု အပြောင်းအလဲအတွင်း လေထုထဲက အဆိပ်သင့်ဓာတ်ငွေ့ ပမာဏဟာ လက်ခံနိုင်တဲ့ စံချိန်ထက် ကျော်နေတယ်လို့ ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ခရိုင်းမီးယား ဝန်ကြီးချုပ် ဆာဂီ အာ့ခ်ဆော့နယက်ဗ်က ပြောပါတယ်။ လုပ်ငန်းစဉ်အရ မူကြိုနဲ့ ကျောင်းနေအရွယ် ကလေးတွေ၊ မိဘတွေ အားလုံးအတွက် ကျောင်းပိတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်၊ သူတို့အားလုံး ခရိုင်းမီးယန်း ကျန်းမာရေးဌာနတွေမှာ အနားယူလိမ့်မယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ အစားအသောက် ဆိုးဆေးနဲ့ သုတ်ဆေးတွေမှာသုံးတဲ့ တိုင်တေနီယံဒိုင်အောက်ဆိုက် ဆိုးဆေးထုတ်စက်ရုံကို သီတင်းပတ် ၂ ပတ် ယာယီပိတ်ထားမယ်လို့ သူက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ စက်ရုံလည်ပတ်မှုနဲ့ လေထုထဲ ဓာတ်ငွေ့ပါဝင်နှုန်းတို့ ပတ်သက်သလားဆိုတာ သူက အတည်မပြုခဲ့ပါဘူး။ ကျောင်းဆရာတယောက်က ဒီကို တတ်နိုင်သမျှ အမြန်ဆုံးလာဖို့ ခေါ်တယ်။ ပြီးတော့ ပစ္စည်းတွေသိမ်းဖို့ တနာရီအချိန်ရတယ်လို့ ပြောခဲ့တယ်လို့ မြို့ခံ စဗစ်လာနာ ဗက်စီလန်ကာက ပြောပါတယ်။ ပင်လယ်နက်ကျွန်းဆွယ် ခရိုင်းမီးယားဒေသကို ယူကရိန်းလက်ကနေ ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up