အီရတ်တွင် လုံခြုံရေးတပ်နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၅ ဦးသေဆုံး

အီရတ်နိုင်ငံတောင်ပိုင်း ဘတ်စ်ရာမြို့မှာ လုံခြုံရေးတပ်တွေနဲ့ ဆန္ဒပြသူတွေ စက်တင်ဘာ ၄ ရက်က ဒုတိယမြောက်ညအဖြစ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဆန္ဒပြသူ ငါးဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ်လို့ ဒေသခံ ကျန်းမာရေးနဲ့ လုံခြုံရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ မြို့တွင်း အစိုးရအဆောက်အဦတွေမှာ ရာနဲ့ချီတဲ့လူတွေ စုရုံးခဲ့တာပါ။ အဆောက်အဦဆီ ဦးတည်တဲ့ လမ်းတွေကို ပိတ်ဆို့ဖို့ ကြိုးစားရင်း ဓာတ်ဆီပုလင်းဗုံးတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ဆန္ဒပြသူတချို့က ခရိုင်အစိုးရရုံးတွေထဲက တရုံးကို ဝင်စီးနင်းခဲ့ပြီး မီးရှို့ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂ ဦး ဒဏ်ရာရပါတယ်။ လူအုပ်ကို လူစုခွဲဖို့ လုံခြုံရေးတပ်က သေနတ်အစစ်ကို မိုးပေါ်ထောင် ပစ်ခတ်ခဲ့ပြီး မျက်ရည်ယို ဓာတ်ငွေ့တွေ သုံးခဲ့ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။ ဒါဟာ အီရတ်နိုင်ငံအတွင်း ရှီးယိုက်မွတ်ဆလင် အများစုရှိရာ နိုင်ငံတောင်ပိုင်းမှာ အဆိုးဆုံး မငြိမ်သက်မှုတွေထဲက တခုပါ။ အဂတိလိုက်စားမှု အဆုံးသတ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ပိုကောင်းကောင်းရရေး ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။ ဒေသတွင်းမှာ အဂတိလိုက်စားမှု ထူပြောတာ၊ အစိုးရဝန်ဆောင်မှုနဲ့ အလုပ်အကိုင် ရှားပါးပြတ်လပ်နေတာအပြင် နွေရာသီမှာ လျှပ်စစ်မီး ပြတ်တောက်တာတွေကြောင့် ဒေသခံတွေ ဒေါသထွက်နေကြတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up