Home
မြန်မာသတင်း
တပ်မဟာ ၅ နယ်မြေအတွင်း ကေအန်ယူနှင့် တပ်မတော် ရက်ဆက် တိုက်ပွဲဖြစ်ပွားနေ
နော်နိုရင်း
·
September 5, 2018
ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း သြဂုတ် ၂၃ ရက်နေ့ကစပြီး စက်တင်ဘာ ၂ ရက်နေ့အထိ တပ်မတော်နဲ့ ကေအန်ယူတပ် အကြား ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ဝဲကြီးနဲ့ ကန်ညီနောင်ကျေးရွာတဝိုက်မှာ ကေအန်ယူ တပ်မဟာ ၅ နဲ့ တပ်မတော်တို့   တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ စက်တင်ဘာလ ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု ရှိသလို ကေအန်ယူ တပ်ရင်း ၁၀၂ တပ်ကလည်း မိုင်းနင်းမိလို့ ရဲဘော် ၂ ဦး ထိခိုက်မှုဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူ ရဲဘော်တဦးက ပြောပါတယ်။ တပ်မဟာ ၅ အတွင်းဖြစ်ပွားနေတဲ့ ပြဿနာမှာ ဒီကေဘီအေ ခွဲထွက်အဖွဲ့က ဗိုလ်ဘိ ဦးဆောင်တဲ့ အဖွဲ့ကစတင်တဲ့ ပြဿနာဖြစ်တယ်လို့ ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ “ဖြစ်စဉ်အစက ဒီကေဘီအေခွဲထွက် ဗိုလ်ဘိအဖွဲ့က စတာ။ ကျနော်တို့ သတင်းရအ သြဂုတ် ၂၃ ရက်ကစတာ သူတို့က ကျနော်တို့လူတွေကို ထိခိုက်နာကျင်အောင်ပြောဆိုပြီး ဒေသတွင်း ရှုပ်ထွေးအောင် လုပ်တယ်။ ကျနော်တို့လူတွေကလည်း ကန်ညီနောင် တ၀ိုက်မှာရှိတယ်။ အဲတော့ တိုက်ပွဲဖြစ်တယ်။ နောက်ပိုင်း အစိုးရတပ်က အဲဒီဒေသကို ၀င်ရောက်လာတယ်။ အစပိုင်းမှာ ကျနော်တို့လူတွေက သူတို့ကို သတိပေးတယ်။ မလာဖို့၊ ဒီနယ်မြေဟာ ကျနော်တို့ သတ်မှတ်ထားတဲ့ ကျနော့်တို့နယ်မြေ၊ ဒါကြောင့်မတက်လာဖို့ သူတို့ သတိပေးတဲ့အနေနဲ့ ပစ်ခတ်တယ်။ နောက်ပိုင်း ၀င်လာတော့ ၂၈ ရက်နေ့တိုက်ပွဲစဖြစ်တယ်။ တိုက်ပွဲကတော့ တိုက်ပွဲကြီးတော့မဟုတ်ဘူး။ ကျနော်တို့လူဘက်က ထိခိုက်တာမကြားရဘူး။ အစိုးရတပ်ဘက်တော့ မသိဘူး။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး JMC တာဝန်ရှိသူတွေနဲ့ တပ်မဟာ ၇ တာဝန်ယူသူတွေ အစိုးရတပ်နဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။” တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံရွာသားထောင်ချီပြီး မြိုင်ကြီးငူကို ထွက်ပြေး တိမ်းရှောင်ခဲ့ ရပါတယ်။ ဒီကေဘီအေ ခွဲထွက်အဖွဲ့ဗိုလ်ဘိအဖွဲ့ကို ကေအန်အယူက သူတို့နဲ့ပြန်လည်ပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပေမယ့်အခုချိန်ထိ လက်မခံဘူးလို့လည်း ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၀၂ မှူး ဗိုလ်မှူးချုပ် စောဒေးလွဲက သူ့တပ်ခွဲတွေဆီကို အမိန့်စာပို့ပြီး ဗိုလ်ဘိဟာ ကေအန်ယူနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ချက်မရှိသလို ဒေသကို ရှုပ်ထွေးအောင်လုပ်ဆောင်နေတဲ့အတွက် ရှင်းလင်းဖို့  အမိန့်စာပေးပို့ခဲ့ပါတယ်။ ဒါပေမယ့် ဗိုလ်ဘိလက်အောက်ခံ အဖွဲ့ဝင်တွေ ကေအန်ယူထံ လာရောက်ရင်တော့ ကောင်းကောင်းမွန်မွန်လက်ခံဖို့ စာမှာ ပါရှိပါတယ်။ အဲဒီနောက်ပိုင်း ဗိုလ်ဘိအဖွဲ့ကို ရှင်းလင်းဖို့ အကြောင်းပြချက်နဲ့ တပ်မတော်က ကေအန်ယူနယ်မြေတွင်း ၀င်ရောက်ပြီး အခုလို ပစ်ခတ်မှုတွေ ဖြစ်ပွားရတာလို့ ကေအန်ယူ တပ်သားတွေက ပြောပါတယ်။ ကရင်အမျိုးသားအစည်းအရုံးဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး ကေအန်ယူလက်အောက်ခံ တပ်တချို့နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024