အာရှအားကစားပြိုင်ပွဲတွင် မြန်မာ ကြေးတံဆိပ် ၂ ခုသာရ၊ ၂၄ နှစ်အတွင်း အဆိုးဆုံးဖြစ်

ဝူရှူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရခဲ့သည့် ငြိမ်းချမ်းကိုကို။
1.6K
သြဂုတ် ၁၈ ရက်ကနေ စက်တင်ဘာ ၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှအားကစားပြိုင်ပွဲမှာ မြန်မာနိုင်ငံက ကြေးတံဆိပ် ၂ ခုသာ ရယူနိုင်ခဲ့ပြီး နှစ်ပေါင်း ၂၄ နှစ်အတွင်း အဆိုးရွားဆုံးရလဒ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အာရှအားကစားပြိုင်ပွဲမှာ နိုင်ငံပေါင်း ၄၆ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့် ၃၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၉၄ အာရှအားကစား ပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ၂ ခုသာ ရရှိခဲ့ပြီး ၂၄ နှစ်အတွင်းမှာ အဆိုးရွားဆုံး ရပ်တည်မှုအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
မြန်မာအားကစားအဖွဲ့ဟာ ဒီနှစ်ပြိုင်ပွဲမှာ ပိုက်ကျော်ခြင်း၊ လှေလှော်၊ သေနတ်ပစ်၊ ဘော်လီဘော၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ မြားပစ်နဲ့ ဘောလုံးပြိုင်ပွဲ စုစုပေါင်း ၈ မျိုး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။
ကြေးတံဆိပ် ၂ ခုကို ဝူရှူးပြိုင်ပွဲကနေ ငြိမ်းချမ်းကိုကိုက တခု၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကနေ တခု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ပြိုင်ပွဲအပြီးမှာ ရွှေ ၁၃၂ ခု၊ ငွေ ၉၂ ခု၊ ကြေး ၆၅ ခုနဲ့ စုစုပေါင်းဆုတံဆိပ် ၂၈၉ ခု ရခဲ့တဲ့ တရုတ်နိုင်ငံက နိုင်ငံအလိုက် အဆင့် ၁ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
တရုတ်ရဲ့နောက်မှာ ဂျပန်က ရွှေ ၇၅ ခုနဲ့ ဒုတိယ၊ တောင်ကိုရီးယားက ရွှေ ၄၉ ခုနဲ့ တတိယ၊ အိမ်ရှင် အင်ဒိုနီးရှားက ရွှေ ၃၁ ခုနဲ့ စတုတ္ထနေရာတွေမှာ အသီးသီး ရပ်တည်ခဲ့ပါတယ်။
မြန်မာနိုင်ငံကတော့ ကြေးတံဆိပ် ၂ ခုပဲရခဲ့လို့ ပါကစ္စတန်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတွေနဲ့အတူ ဆုတံဆိပ်ရရှိမှု အဆင့်အလိုက်မှာ အောက်ဆုံးနားက ရပ်တည်ခဲ့ပါတယ်။