Home
မြန်မာသတင်း
အစိုးရကျန်းမာရေးအဖွဲ့နဲ့ မယ်တော်ဆေးခန်း ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
နော်နိုရင်း
·
August 5, 2012
မြန်မာနိုင်ငံမိခင်နဲ့ကလေးစောင့်ရှောက်ရေး အကြီးအကဲတဦးဖြစ်တဲ့ ဒေါက်တာဝေေ၀သာ၊ မြ၀တီခရိုင် ကျန်းမာရေးတာဝန်ခံ အပါအ၀င် ဆရာဝန်အဖွဲ့ဟာ ဒီကနေ့ နေ့ခင်း ၁ နာရီမှာ ဒေါက်တာ စင်သီယာမောင် ဦးဆောင်တဲ့ မယ်တော်ဆေးခန်းရဲ့ ဦးဆောင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အဓိကအားဖြင့် လူနာလွှဲပြောင်းရေး ကိစ္စနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ ဆေးပညာသင်တန်းကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မယ်တော်ဆေးခန်းရဲ့ ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဆရာရွှေနှင်းက ပြောပြပါတယ်။ “မယ်တော်ဆေးခန်းနဲ့ ပတ်သက်ပြီး လာလေ့လာတာပေါ့။ ဘာအခက်အခဲရှိလဲ၊ ဘာတွေလုပ်ဆောင်နေလဲ။ ကျနော်တို့လည်း အခက်အခဲတွေ၊ သဘောတရားတွေ ပြောတယ်။ အဓိက ဒီမှာရှိနေတဲ့ လူနာတွေလွှဲပြောင်းရေးကိစ္စ မြ၀တီဆေးရုံ၊ မဲဆောက်ဆေးရုံနဲ့ မယ်တော်ဆေးခန်းရယ် အချိတ်ဆက်ရှိရှိ လူနာလွှဲပြောင်းရေးကိစ္စတွေ လုပ်ဖို့။ အခုကတော့ ဒီမှာပို့ချတဲ့ အဆင့်အလိုက် သင်တန်းပို့ချချက်တွေကိုလည်း သူတို့လေ့လာသွားတယ်။ နောက် ၃ လ တကြိမ်၊ ၂ လ တကြိမ်တွေ့ဖြစ်မလား အဲလို တွေဆုံဖို့ အစီအစဉ်လေးတွေလည်း ရှိတယ်။” ဒါ့အပြင် ညနေ ၃ နာရီလောက်မှာတော့ ဦးအောင်မင်းနဲ့ ၀န်ကြီးအဖွဲ့ဟာ ဆေးခန်းကို လာရောက်ပြီး လက်ရှိလုပ်မယ့်လုပ်ငန်းတွေကို ဖြစ်မြောက်အောင် လုပ်ဖို့ အားပေးခဲ့တယ်လို့ ဆက်ပြောပြပါတယ်။ “လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဖြစ်မြောက်အောင်လုပ်ဖို့ပေါ့။ လူနာကိစ္စတွေ၊ ကလေးမွေးစာရင်းကိစ္စတွေ ဒါတွေကို လွှတ်လိုက်တဲ့ကိုယ်စားလှယ် အဖွဲ့တွေကို သေချာ မှတ်တမ်းရေးရာတွေယူပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တင်ပြဆွေးနွေးနိုင်ဖို့ လုပ်သွားမယ်ပေါ့။” ဦးအောင်မင်းအနေနဲ့ မယ်တော်ဆေးခန်းကို ဒုတိယအကြိမ် လာရောက်တာဖြစ်ပြီး ပထမအကြိမ် လာတုန်းက အလှူငွေတချို့ လှူဒါန်းခဲ့သလို နှစ်ဖက်ကျန်းမာရေးကိစ္စ ပူးပေါင်းဆောင်ရွက်ရေး ပြောဆိုဆွေးနွေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024