ဂျွန်မက်ကိန်း၏ဈာပန သမ္မတဟောင်း ဂျော့ဘုရှ်နှင့်အိုဘားမား တက်ရောက်

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ဈာပနအခမ်းအနားမှာ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဂျော့ဒဗလျူဘုရှ်နဲ့ အိုဘားမားတို့က ကွယ်လွန်သူ ဂျွန်မက်ကိန်းနဲ့ ပတ်သက်ပြီး ချီးကျူးဂုဏ်ပြုစကားတွေ ပြောကြားခဲ့ပါတယ်။ “ဂျွန်မက်ကိန်းဟာ ဂုဏ်ပြုထိုက်သူတယောက်ပါ။ သူဟာ အမြဲပဲ သူ့ပြိုင်ဘက်တွေဟာ မျိုးချစ်ပုဂ္ဂိုလ်တွေ ဖြစ်တယ်၊ လူသားတွေ ဖြစ်တယ်ဆိုတာကို အသိမှတ်ပြုတဲ့ သူတယောက်ပါ။ သူဟာ လွတ်လပ်မှုကင်းမဲ့ခြင်း အဓိပ္ပာယ်ကို နားလည်ပြီးလွတ်လပ်မှုကို မြတ်နိုးတယ်။ လူတိုင်းမှာရှိတဲ့ မွေးရာပါ ဂုဏ်သိက္ခာကို လေးစားတယ်။ ဒီဂုဏ်သိက္ခာဟာ နယ်စည်းမတားသလို အာဏာရှင်တွေ ဖျောက်ဖျက်လို့လည်း မရပါဘူး။ ဒါတွေအပြင် ဂျွန်ဟာ အာဏာအလွဲသုံးတာကို ရွံမုန်းတယ်။ သူဟာ တယူသန်သမားတွေနဲ့ဆောင့်ကြွားကြွား အာဏာရှင်တွေကို သည်းမခံပါဘူး” လို့ သမ္မတဟောင်း ဂျော့ခ်ျဒဗလျူဘုရှ်က ပြောသွားပါ တယ်။ “သမ္မတ ဘုရှ်နဲ့ ကျနော်ဟာ အဆင့်မြင့်ဆုံး နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ဂျွန်နဲ့ယှဉ်ပြိုင်ရတဲ့ လက်တဆုပ်စာ ကံထူးရှင်တွေထဲမှာ  ပါပါတယ်။ ဂျွန်ကြောင့် ကျနော်တို့ဟာ ပိုမိုထက်မြက်တဲ့ သမ္မတတွေ ဖြစ်လာသလို၊ လွှတ်တော်ဟာလည်း ပိုမိုကောင်းမွန်တဲ့ လွှတ်တော်ဖြစ်လာ ပါတယ်။ အလားတူ ဒီနိုင်ငံဟာလည်း ပိုမိုဝပြောတဲ့နိုင်ငံ ဖြစ်လာပါတယ်” လို့ သမ္မတဟောင်း ဘားရက် အိုဘားမားက ပြောခဲ့ပါတယ်။ “ဂျွန်ဟာ ဒေါသကြီးတဲ့ လူတယောက်ဆိုတာ လျို့ဝှက်ထားစရာ မလိုပါဘူး။ သူ ဒေါသ ထွက်လာပြီးဆို အံ့သြစရာသိပ်ကောင်းတယ်။ အံကို ကြိတ်ပြီး မျက်နှာက နီရဲလာတော့တာပဲ။ ကိုယ့်ကိုကြည့်တဲ့ အကြည့်တွေကတည်း စားမတတ် ဝါးမတတ်ပဲ။ စိတ်တော့ မရှိပါနဲ့။ အဲဒါမျိုးကို ကျနော် တယောက်တည်း ဦးဆုံးကြုံဖူးတာ မဟုတ်ပါဘူး” လို့လည်း အိုဘားမားက ဟာသနှော ပြောခဲ့ပါတယ်။ စက်တင်ဘာ ၁ ရက်နေ့က ကဂျွန်မက်ကိန်းရဲ့ ဈာပန အခမ်းအနားကို သမ္မတထရမ့်ရဲ့ သမီးဖြစ်သူ အီဗန်ကာနဲ့ သမက်ဖြစ်သူ ဂျရက်ခွတ်ရှ်နာတို့ အပါအဝင် ထိပ်တန်းအစိုးရအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါ တယ်။ ဒါ့အပြင် အိမ်ဖြူတော် ၀န်ထမ်းအကြီးအကဲ ဂျွန်ကယ်လီနဲ့ အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘော်တန်တို့လည်း တက်ရောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up