MMSocial မီဒီယာမိတ်ဆက်ပွဲနှင့် အစုရှယ်ယာ ရောင်းချပွဲ ရန်ကုန်တွင် ကျင်းပ
ထွန်းထွန်းသိန်း
·
September 2, 2018
Facebook လိုအသုံးပြုနိုင်မယ့် MMSocial မီဒီယာမိတ်ဆက်ပွဲနဲ့ အစုရှယ်ယာ ရောင်းချမိတ်ဆက်ပွဲကို စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်မြို့ အော့ခစ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
MMSocial မီဒီယာနက်ဝေါ့ ထူထောင်သူ ကိုရန်နိုင်မြင့်က “ပြည်ပနိုင်ငံတွေက သတင်းအချက်ထောက်လှမ်းမှု ကာကွယ်နိုင်ဖို့အတွက် MMSocial Network ကို ထူထောင်တာ ဖြစ်ပြီး သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ဥပဒေနဲ့အညီ ကာကွယ်မှုတွေ ပေးသွားမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
MMSocial ကို ပြည်တွင်း ISP တစ်ခုဖြစ်တဲ့ AGB Communications Co., Ltd ရဲ့ "AGB Cloud" ပေါ်မှာ ထားရှိမှာဖြစ်ပြီး ပြည်တွင်းက သတင်းအချက်အလက်တွေဟာ ပြည်တွင်းမှာသာ ရှိနေတဲ့အတွက် အခြားနိုင်ငံဆာဗာတွေထက် ပိုမိုစိတ်ချရတယ်လို့ MMSocial Team က ဆိုပါတယ်။
MM Social ကို မြန်မာဆိုရှယ်ဇုန်နာမည်နဲ့ တရားဝင်မှတ်ပုံတင်ထားပြီး စက်တင်ဘာ ပထမပတ်အတွင်းမှာ စတင်သုံးဆွဲနိုင်ဖို့ ကြေညာသွားမယ်လို့လည်း MMsocial team က ပြောပါတယ်။
မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံအခြေစိုက်တဲ့ Facebook လူမှုကွန်ရက်ကို အသုံးပြုနေသူ သန်း ၂၀ နီးပါးရှိပြီး မကြာမီရက်ပိုင်းကစပြီး ရှရှားနိုင်ငံအခြေစိုက်တဲ့ VK လူမူကွန်ရက်ကို မြန်မာလူမျိုး ၁၀၀၀၀ ကျော်စတင်သုံးစွဲလာကြတယ်လို့ အိုင်တီသမားတွေက ပြောပါတယ်။