Homeမြန်မာသတင်း
မကွေးတွင် လင်းယုန်စီမံချက်ဖြင့် မူးယစ်နှင့်ခိုးဆိုးလုနှိုက်မှုများ လျော့နည်းရေး လုပ်မည်
မကွေးတွင် လင်းယုန်စီမံချက်ဖြင့် မူးယစ်နှင့်ခိုးဆိုးလုနှိုက်မှုများ လျော့နည်းရေး လုပ်မည်
DVB
·
September 2, 2018
မကွေးတိုင်း မကွေးမြို့မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁ ရက်နေ့ကစပြီး လင်းယုန်စီမံချက်နဲ့ မူးယစ်ဆေးဝါးနဲ့ ခိုး၊ ဆိုး၊ လု၊ နှိုက် ဒုစရိုက်မှု လျော့နည်းရေး ဆောင်ရွက်သွားမယ်လို့ မကွေးမြို့နယ် ရဲတပ်ဖွဲ့က သိရပါတယ်။
မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင်က "မကွေးမြို့ပေါ်မှာ ၃ ရပ်ကွက်ကို ရဲကင်း တခုနှုန်း နဲ့ ရဲကင်း ၆ ခုဖွင့်မယ်၊ ညနေခြောက်နာရီကစပြီး တံတားအဝိုင်း၊ အထက ၃ လမ်းဆုံ၊ ကြာပန်းအဝိုင်းလမ်းဆုံ၊ အောင်မေတ္တာ အဝိုင်းတို့မှာ တုတ်၊ ဓား၊ လက်နက်တွေ မကိုင်ဆောင်အောင် ပိတ်ဆို့ရှာဖွေတာတွေ လုပ်မယ်၊ မူးယစ်ဆေးဝါး လမ်းကြောင်းတွေလည်း တားဆီးပြီးဖြစ်တယ်။ ဒီစီမံချက်မှာ မိတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူမှာဖြစ်တယ်။ ပြည်သူတွေကို အသိပေးချင်တာက ညဘက်သွားလာတဲ့အခါ တုတ်၊ဓား၊ လက်နက်တွေ မကိုင်ကြဖို့၊ မူးယစ်သောက်စားတာတွေ မလုပ်ဖို့ ပြောချင်တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ဌာနဆိုင်ရာအဖွဲ့ စုံနဲ့ ပိတ်ဆို့၊ ရှာဖွေ၊ ဖမ်းဆီးတာတွေအပြင် ပညာပေးတာတွေလည်း လုပ်ဆောင်မယ်လို့ ဆိုပါတယ်။
“ညဥ့်ဦး၊ ညဥ့်နက် လှည့်ကင်း ပုံမှန် ၃ ဖွဲ့ရှိမယ်။ ရဲအင်အား များများသုံးပြီး ကွက်ပြည့် နင်းမှာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့လည်း ပူးပေါင်း ပါဝင်လိုက်နာကြဖို့ လိုပါတယ်။”
မကွေးတိုင်းအတွင်းမှာ မှုခင်းအဖြစ်အများဆုံး မကွေးမြို့နယ်နဲ့ တောင်တွင်းကြီးမြို့နယ်တွေမှာ စီမံချက်ချပြီး စက်တင်ဘာ ၃၀ ရက်နေထိ ဒုစရိုက်မှုတွေ လျော့နည်းအောင် ဆောင်ရွက်မယ်လို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့က သိရပါတယ်။
သတင်း-မင်းထီး