Home
မြန်မာသတင်း
သောင်တင်သင်္ဘောကြီးပေါ် ယနေ့တက်ရောက် စစ်ဆေးမည်
ပိုင်စိုး
·
September 1, 2018
မြန်မာရေပိုင်နက် သုံးခွမြို့နားကိုရောက်နေတဲ့ နိုင်ငံခြားသင်္ဘောပေါ်ကို ဒီနေ့မနက်မှာ တက်ရောက်ဖို့ ကြိုစားမယ်လို့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုင်ငံတော် သမ္မတရုံးကို ထူးခြားဖြစ်စဉ်အနေနဲ့ မနေ့က တင်ပြထားတဲ့စာမှာ ဖော်ပြထားပါတယ်။ ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ သမစိတ္တရွာရဲ့ ၇ မိုင်လောက်အဝေးမှာ ပြီးခဲ့တဲ့ ၂၈ ရက်က သဘောင်္ကြီး တစင်းလာပြီး သောင်တင်နေတာပါ။ အဲဒီ Sam Ratulangi သင်္ဘော သောင်တင်နေတဲ့နေရာကို ရန်ကုန်တိုင်း ရေကြောင်း ပို့ဆောင်မှုညွှန်ကြားမှု ဦးစီးဌာနက စစ်ဆေးဖို့ သွားရောက်ခဲ့ပေမယ့် ရေကျချိန်ဖြစ်လို့ သင်္ဘောနားကို သွားမရဘူးလို့ ဆိုပါတယ်။ လက်ရှိမျက်မြင်အခြေအနေအရတော့ သင်္ဘောဟာ ဘယ်ဘက်ကိုစောင်း သောင်တင်နေပြီး အန္တရာယ်ရှိတဲ့ အနေအထားတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ ပြီးတော့ ပတ်ဝန်ကျင်ညစ်ညမ်းတာလည်း မရှိဘဲ ရေတပ်ကနေ လုံခြုံရေးယူထားတယ်လို့လည်း ဖော်ပြထားပါတယ်။ ရေတပ်ကရတဲ့ သတင်းအရ အဲဒီနေရာဟာ လေ့လာတိုင်းတာထားတဲ့နေရာ မဟုတ်လို့ ရေအတိမ်အနက်ကို ခန့်မှန်းမသိရဘဲ ဒေသခံတွေ ပြောစကားအရ သောင်ပြင်နဲ့ နွံပြင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ သွားရောက် စစ်ဆေးခဲ့တဲ့ အခြေအနေအရ သင်္ဘောပေါ်မှာ သင်္ဘောသားတွေ မတွေ့ရသလို ရေယာဉ်ထိန်းချုပ်မောင်းနှင်ရေးနဲ့ ရေကြောင်း သွားလာမှုဆိုင်ရာ ပစ္စည်းကိရိယာတွေ၊ အင်ဂျင်နဲ့ စက်ပစ္စည်းတွေမှာ ပင်လယ်ရေနဲ့ ဆီအညစ်အကြေးတွေ ရောနှော ဝင်ရောက်နေပြီး သုံးမရအောင် ဟောင်းနွမ်းပျက်စီးနေသလို ချက်ပြုတ်ခန်းနဲ့ စားသောက်ခန်းတို့မှာလည်း ချက်ပြုတ်စားသောက် ထားတဲ့ အနေအထား မတွေ့ရဘူးလို့ ဆိုပါတယ်။ စုံစမ်းစစ်ဆေးချက်တွေအရ အဲဒီကုန်တင်ရေယာဉ်ဟာ Palau နိုင်ငံ မှတ်ပုံတင်ဖြစ်ပြီး တွဲဆွဲ ရေယာဉ်တစီးအကူအညီနဲ့ ဆွဲလာတာ ဖြစ်နိုင်လို့ ရေဒါမှတ်တမ်းကို စစ်ဆေးပြီး ပိုက်စိပ်တိုက် ရှာဖွေရာမှာ  သြဂုတ် ၃၁ ရက် မနက်ပိုင်းက မြန်မာ့ကမ်းရိုးတန်းနဲ့ မိုင် ၅ဝ လောက်အကွာ ပင်လယ်ပြင်မှာ တဖက်နိုင်ငံရေပြင်ကို ဦးတည် ခုတ်မောင်းနေတဲ့ Independence အမည်ရှိ ပင်လယ်သွား တွဲဆွဲ ရေယာဉ်ကို တွေ့ရှိ ခေါ်ဆောင်မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးမေးမြန်းချက်တွေအရ သောင်တင်ခဲ့တဲ့ ရေယာဉ်ကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံက သင်္ဘောဖျက်စက်ရုံကို ပို့ဆောင်ဖို့ သြဂုတ် ၁၃ ရက်မှာ ဆွဲလာခဲ့ပြီး ရန်ကုန်မြစဝ တောင်ဘက်ကို ရောက်တဲ့အခါ ရာသီဥတုဆိုးရွားလို့ တွဲဆွဲကြိုး တချို့ပြတ်တောက်ပြီး ထားခဲ့ရတာလို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024