လားရှိုးတွင် လက်နက်အပြည့်အစုံ တပ်ထားသည့် စစ်ယာဉ်တန်းများ ကင်းလှည့်

ရှမ်းပြည်မြောက်ပိုင်းက လားရှိုးမြို့မှာ မြန်မာ့တပ်မတော်၊ ပြည်သူ့စစ်(ဌာနေ)နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့လုံခြုံရေးအတွက် ဒီနေ့မနက်ပိုင်းက စစ်သုံးရဟတ်ယာဉ်၊ စစ်ယာဉ်တန်းတွေနဲ့ လက်နက်အပြည့်အစုံတပ်ဆင်ပြီး ကင်းလှည့်ခဲ့ပါတယ်။ အခုလိုအင်အားပြ ကင်းလှည့်တာနဲ့ပတ်သက်ပြီး လားရှိုး ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတဦးက "မြို့လူထုလုံခြုံရေးအတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး ပုံမှန်အင်အားပြ လှည့်ကင်းဖြစ်တယ်" လို့ ပြောပါတယ်။ ရှမ်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ  လားရှိုးမြို့ခံ ဦးစိုင်းမြင့်မောင်က “မူဆယ်တို့ နမ့်ခမ်းတို့ နမ္မတူတို့ဘက်မှာ တီအန်အယ်လ်အေ တပ်တွေ သွားလာလှုပ်ရှားမှုတော့ ရှိတာပေါ့ဗျာ။ နောက်တခါ မူဆယ် ဒီဘက်က နမ့်ပွန်တို့ ဘာတို့ ဘက်မှာလည်း သွားလာနေတာတွေ ရှိတယ်။ နောက်တခါ ဟိုး နမ့်ဖတ်ကာကနေ ဟိုးဘက်တက်တဲ့ဘက် အဲ့ဒီဘက်ကနေ ဖြတ်သွားဖြတ်လာတွေ ရှိတယ်။ အဲ့ဒီအတွက်ပဲ လှန့်နေတယ် ပြောတာပဲဗျ။” အလားတူ တပ်အင်အားပြတာမျိုး မကြာခဏ လုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်ကအတွင်းက စတင်ပြီး လက်ရှိအချိန်ထိ RCSS/SSA နဲ့ TNLA တို့အကြား နှစ်ဖက်ထိတွေ့မှုတွေ ဖြစ်ခဲ့တာကြောင့် စစ်ဘေးရှောင် ပြည်သူ ၂ဝဝဝ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up