Live
Home
မြန်မာသတင်း
ရေဘေးကြောင့် သေဆုံးသူ ၂၆ ဦး၊ ရေဘေးသင့်ပြည်သူ ၅၀၀၀၀ ကျော်ရှိ
ရွှေအောင်
·
August 31, 2018
မြန်မာနိုင်ငံတဝန်း ဇူလိုင်နဲ့ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ ရေဘေးအတွင်း သေဆုံးသူ ၂၆ ဦး ရှိလာပြီး လူဦးရေ ၅၀၀၀၀ ကျော် ရေဘေးသင့်နေဆဲလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီိတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၁၀ ကျော် ဖွင့်လှစ်ထားရပါတယ်။ လတ်တလော ပဲခူးတိုင်းမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၇၈ ခု ဖွင့်လှစ်ထားရပြီး လူဦးရေ ၃၈၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရပါတယ်။ ကရင်ပြည်နယ်မှာ ကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ထားပြီး လူဦးရေ ၉၉၀၀ ကျော်၊ တနင်္သာရီတိုင်းမှာ ကယ်ဆယ်ရေးစခန်း ၈ ခု ဖွင့်ထားပြီး လူဦးရေ ၉၀၀ ကျော်၊ မွန်ပြည်နယ်မှာ စခန်း ၄ ခု ဖွင့်ထားရပြီး လူဦးရေ ၃၉၀ ကျော်၊ မကွေးတိုင်းမှာ စခန်း ၇ ခု ဖွင့်ထားပြီး လူဦးရေ ၁၂၀၀ ကျော်၊ စစ်ကိုင်းတိုင်းမှာ စခန်း ၁ ခု ဖွင့်ထားပြီး လူဦးရေ ၃၀၀ ကျော်၊ ဧရာဝတီတိုင်းမှာ စခန်း  ၂ ခု ဖွင့်ထားပြီး လူဦးရေ ၁၀၀၀ လောက် ခိုလှုံနေထိုင်နေကြပါတယ်။ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ကယားပြည်နယ်တို့က ကယ်ဆယ်ရေးစခန်းတွေကိုတော့ ပိတ်သိမ်းထားပြီး ဖြစ်ပါတယ်။ ရေဘေးသင့်သူတွေအတွက် သဘာဝဘေးရန်ပုံငွေက ကျပ်သိန်း ၃၀၀၀၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကျပ်သိန်း ၈၀၀၀ ကျော် ထောက်ပံ့ကူညီထားပြီးလည်း ဖြစ်ပါတယ်။ ကရင်၊ တနင်္သာရီနဲ့ မွန်ပြည်နယ်တို့မှာ မိုးများလို့ ရေကြီးခဲ့ပြီး ပဲခူးတိုင်းဒေသကြီးထဲမှာတော့ သြဂုတ် ၂၉ ရက်က ဆွာချောင်းတမံကျိုးလို့ ရေလွှမ်းမိုးမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024