Home
မြန်မာသတင်း
မြန်မာစစ်တပ် တပ်မဟာ ၅ နယ်မြေထဲ ဝင်ရောက်လှုပ်ရှားနေမှု ကေအန်ယူ ကန့်ကွက်
DVB
·
August 31, 2018
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း တပ်မတော်က ၀င်ရောက်လှုပ်ရှားနေမှုကို ကန့်ကွက်ကြောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ စာပေးပို့ထားတယ်လို့ ကေအန်ယူ တပ်မဟာ ၅ ဗိုလ်မှူး အယ်လိုထူးက ဒီဗွီဘီကို ပြောပါတယ်။ ကေအန်ယူ၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ က ၀င်ရောက်လှုပ်ရှားနေတာဟာ  အန်စီအေ အပစ်ရပ်စာချုပ်ပါအချက်နဲ့ ငြိစွန်းနေတဲ့အပြင် နှစ်ဖက် နားလည်မှု ထိခိုက်လာနိုင်တဲ့အတွက် လှုပ်ရှားသွားလာမှုကို ပြန်လည်သုံးသပ်ပေးဖို့နဲ့ ထိန်းသိမ်း ကြပ်မတ်ပေးဖို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးထံ ကန့်ကွက် အကြောင်းကြားစာပေးပို့ထားတယ်လို့ ပြောပါတယ်။ “သူတို့ဘက်က ဘာမှ အကြောင်းပြန်ကြားတာတို့ လျော့ပေးတာတို့ ဘာမှ မရှိသေးဘူး။ ကျနော်တို့ ဒီအခြေအနေကို စောင့်ကြည့်နေတယ်။ တပ်မတော်ဘက်က ဘာမှတုန့်ပြန်မှု မရှိဘူးဆိုရင် ကျနော်တို့က အထက်အရာရှိတွေပေါ်မှာပဲ မူတည်တယ်။ သူတို့ ဘာဆက်လုပ်မလဲ ဆိုတာတော့ အထက်အရာရှိတွေ အစီအစဉ်ချသွားမယ် ပုံတော့ရှိတယ်”လို့ ပြောပါတယ်။ သြဂုတ်၃၀ ရက် နေ့လည် ၁ နာရီခွဲက တပ်မတော်ဘက်ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေရှိလာသလို သြဂုတ် ၂၈ ရက်မနက် ၉ ခွဲခန့်က တစ်ကြိမ်၊ သြဂုတ် ၂၉ ရက် မနက် ၆ နာရီ ၄၅မိနစ်ခန့်က တစ်ကြိမ် ခမရ ၂ တပ်ရင်းက ၀ဲကြီးကျေးရွာအထိ ၀င်ရောက်လာတဲ့အတွက် နှစ်ဖက်တွေ့ဆုံပြီး တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဘက်ကပြောပါတယ်။ အဆိုပါကျေးရွာအနီးမှာ တပ်မတော်၊ ဘီဂျီအက်ဖ်၊ ကေအန်ယူနဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ဒေသ ဖြစ်ပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024