Home
မြန်မာသတင်း
အင်ဒိုအလံတင် လူသူမဲ့ ကုန်တင်သင်္ဘောကြီး မြန်မာ့ပင်လယ်ပြင်တွင် တွေ့ရှိ
DVB
·
August 31, 2018
အင်ဒိုနီးရှားနိုင်ငံအလံ တင်ထားတဲ့ ပိုင်ရှင်မဲ့ ကုန်တင်သင်္ဘောကြီးတစီး သုံးခွမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်မှာ တွေ့ရှိရပြီး စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၉ ရက် ည ၈ နာရီအချိန် သုံးခွမြို့နယ်၊ သမ္မစိတ္တ ကျေးရွာ ပင်လယ်ကမ်းခြေနဲ့ ရေမိုင် ၇ မိုင်ခန့်အကွာမှာ ကုန်တင်သင်္ဘောတစီး သောင်တင်နေကြောင်း သတင်းအရ အမှတ် ၁ စစ်ဗျူဟာ ရေယာဉ်စုမှ ဗိုလ်မှူး ခိုင်မင်းထွန်း ဦးစီးအဖွဲ့၊ သုံးခွမြို့နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး သန်းဦး ဦးစီးအဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သြဂုတ် ၃၀ ရက်နေ့ မနက်ပိုင်းမှာ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ စုံစမ်းအတည်ပြုချက်အရ မြောက်လတ္တီကျု ၁၆ ဒီဂရီ ၃၉.၂၄၉ မိနစ်၊ အရှေ့လောင်ဂျီကျု ၉၆ ဒီဂရီ ၅.၄၃၉ မိနစ် ပင်လယ်ပြင်မှာ အလျား ၁၇၇.၃၅ မီတာ၊ အနံ ၂၇.၉၁ မီတာ၊ အလေးချိန် ၂၆၅၁၀ တန်ရှိ SAM RATULANGI PB 1600၊ Magor HAZARD အမျိုးအစား ကုန်တင်သင်္ဘောမှာ ခါးကျိုးလျက် သောင်တင်နေတာ တွေ့ရှိရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သင်္ဘောမှာ အင်ဒိုနီးရှားနိုင်ငံ အလံတင်ထားပြီး သင်္ဘောသားတွေနဲ့ ကုန်ပစ္စည်းတွေ မတွေ့ရှိရကြောင်း၊ ပူးပေါင်းအဖွဲ့က ဆက်လက်စုံစမ်းစိစစ်နေတယ်လို့ ဆိုပါတယ်။ အဆိုပါသင်္ဘောနဲ့ ပတ်သက်လို့ စင်ကာပူနိုင်ငံရှိ Smith Salvage ကုမ္ပဏီက ဒီသင်္ဘောဟာ မြနမာနိုင်ငံကို ဝင်ရောက်ဖို့ မဟုတ်ဘဲ တွဲဆွဲသင်္ဘောနဲ့ ယူလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက်မယ့်သင်္ဘော ဖြစ်တယ်လို့ မြန်မာဆိပ်ကမ်းအာဏာပိုင်အဖွဲ့ကို ဆက်သွယ် သတင်းပေးပို့ထားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြပါတယ်။ လူနဲ့ ကုန်ပစ္စည်းတွေ မပါဘဲ သောင်တင်နေတဲ့ အဆိုပါသင်္ဘောကြီးကို  သုံးခွမြို့နယ် သမစိတ္တကျေးရွာအနီး မုတ္တမပင်လယ်ကွေ့မှာ ငါးဖမ်းစက်လှေတွေက သြဂုတ် ၂၈ ရက်မှာ စတင် တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024