ဗင်နီဇွဲလားနိုင်ငံသားများ ဝင်ရောက်နေမှု ကန့်သတ်မည်ဟု ဘရာဇီးသမ္မတပြော

ဓာတ်ပုံ - BBC
ဗင်နီဇွဲလားနိုင်ငံသားတွေ အများဆုံးဝင်ရောက်နေတဲ့ ရိုရိုင်းမားပြည်နယ်မှာ နယ်စပ်ဝင်ရောက်မှုကို ကန့်သတ်မယ်လို့ ဘရာဇီးသမ္မတ မီရှဲတီမာက သြဂုတ် ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။ ဗင်နီဇွဲလား နိုင်ငံသား ၇၀၀ နဲ့ ၈၀၀ လောက်ဟာ နယ်စပ်မြို့ ပါကာရိုင်းမားကနေ ဘရာဇီးနိုင်ငံထဲကို ဝင်ရောက်နေတယ်လို့ သမ္မတ မီရှဲတီမာက ပြောပါတယ်။ ဒါကြောင့် နေ့စဉ် လူဝင်ရောက်မှု ၁၀၀ နဲ့ ၂၀၀ ကြားပဲရှိအောင် လုပ်သွားမယ်လို့ သမ္မတ တီမာက ရေဒီယိုတွေ့ဆုံမေးမြန်းခန်းတခုမှာ ပြောကြားထားပါတယ်။ နယ်စပ်ကို ဘရာဇီးတပ်သားတွေ ပို့လွှတ်သွားမယ်လို့ ပြောကြားပြီး မကြာခင်မှာပဲ သမ္မတက အခုလို ပြောလိုက်တာပါ။ ဗင်နီဇွဲလားနိုင်ငံသားတွေဟာ ပြည်တွင်းမှာဖြစ်နေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေဆီ ဝင်ရောက်နေကြပါတယ်။ အများစုဟာ စပိန်ဘာသာစကားပြောတဲ့ တောင်အမေရိကနိုင်ငံတွေကို သွားရောက်ကြတာဖြစ်ပေမယ့် ဘရာဇီးနိုင်ငံကိုလည်း ဝင်ရောက်မှု မြင့်တက်လာပါတယ်။ သမ္မတ တီမာကတော့ ဒီပြဿနာက နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးမဟုတ်တော့ဘဲ တောင်အမေရိကတိုက်တခုလုံးရဲ့ ပြဿနာ ဖြစ်လာပြီလို့လည်း မှတ်ချက်ပေး ပြောကြားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up