အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲတွင် တောင်ကိုရီးယားနှင့် ဂျပန် ဗိုလ်လုမည် (ရုပ်သံဟိုက်လိုက်)

ဓာတ်ပုံ - FOX Sports Asia
အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွေကို မနေ့က ယှဉ်ပြိုင်ရာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲ တက်သွားပါတယ်။ တောင်ကိုရီးယားနဲ့ ဗီယက်နမ်တို့ရဲ့ ပွဲစဉ်မှာတော့ လက်ရှိချန်ပီယံ တောင်ကိုရီးယားအသင်းက ဗီယက်နမ်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ တောင်ကိုရီးယားအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၇ မိနစ်၊ ၂၈ မိနစ်နဲ့ ၅၅ မိနစ်တွေမှာ သွင်းယူခဲ့ပြီး ဗီယက်နမ်အသင်းအတွက် ချေပဂိုးတဂိုးကိုတော့ ပွဲချိန် မိနစ် ၇၀ မှာ ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ တခြား ဆီမီးဖိုင်နယ် ပွဲစဉ်မှာတော့ ဂျပန်က ယူအေအီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဂျပန်အသင်းဟာ ပွဲချိန်တလျှောက် ယူအေအီးအသင်းဘက်ကို အကြိမ်ကြိမ် ထိုးဖောက် တိုက်စစ်ဆင် ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်မှူးတွေ အခွင့်အရေး အသုံးမချနိုင်သလို ယူအေအီးနောက်တန်းနဲ့ ဂိုးသမားတို့ ကာကွယ်ဖျက်ထုတ်နိုင်တဲ့အတွက်လည်း အလွယ်တကူ ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။ ဂျပန်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန် ၇၈ မိနစ်မှာ သွင်းယူနိုင်ခဲ့ပါတယ်။ လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာတော့ တတိယလုပွဲအဖြစ် ဗီယက်နမ်နဲ့ ယူအေအီး၊ ဗိုလ်လုပွဲအဖြစ် တောင်ကိုရီးယားနဲ့ ဂျပန်တို့ အသီးသီး ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up