ဆွာမြို့တွင် ရေကြီးနေသဖြင့် ရထားခရီးစဉ်အချို့ ဖျက်သိမ်း
ပိုင်စိုး
·
August 29, 2018
ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမှာ ရေကြီးနေလို့ ရထားခရီးစဉ်တချို့ ဖျက်သိမ်းလိုက်တယ်လို့ ရန်ကုန်ဘူတာရုံပိုင်ချုပ်က ပြောပါတယ်။
ရုံပိုင်ချုပ် ဦးသောင်းထိုက်က “အခုက ဆွာမှာ ရေကြီးတဲ့အတွက် ရန်ကုန်ကနေ ထွက်မယ့် ၅ အဆန် (မန္တလေး)၊ ၃ အဆန် (မန္တလေး) နဲ့ ၇ အဆန် (နေပြည်တော်) ရထားတွေကို ဒီနေ့ ဖျက်သိမ်းလိုက်ပါတယ်။ အခု ငွေပြန်အမ်းပေးနေပါတယ်ခင်ဗျ။ မနက်ဖြန်ဆိုရင်တော့ အစုန်ရော၊ အဆန်ရော ဖျက်သိမ်းနိုင်ပါတယ်” လို့ ပြောပါတယ်။
မြန်မာပြည် အထက်ပိုင်းကနေ ရန်ကုန်ကို လာမယ့် အစုန်ရထား အခြေအနေကတော့ မသိရသေးဘူးလို့ ရုံပိုင်ချုပ်က ပြောပါတယ်။
ဒီမနက်ပိုင်းက ဆွာချောင်းရေတမံ ရေပိုလွှဲနံရံကျိုးပေါက်လို့ ဆွာမြို့နဲ့ ပတ်ဝန်းကျင်ရွာ တော်တော်များများမှာလည်း ရေကြီးနေပြီး ရန်ကုန်-မန္တလေး အမြန်လမ်းသစ်ရော လမ်းဟောင်းပါ ရေကျော်နေလို့ လမ်းပိုင်းတချို့ ယာယီပိတ်ထားရပါတယ်။