အမျိုးသားကျောင်းဆရာများ အရေအတွက် ပိုများလာစေရန် တိုက်တွန်း
အာကာ
·
August 29, 2018
မြန်မာနိုင်ငံမှာ ကျောင်းဆရာအရေအတွက်ဟာ ဆရာဆရာမ အားလုံးပေါင်း အရေအတွက်ရဲ့ ၃ ရာခိုင်နှုန်းပဲရှိတဲ့အတွက် အမျိုးသားကျောင်းဆရာတွေ ပိုများလာစေချင်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာ သြဂုတ်လ ၂၈ ရက်က ပြုလုပ်တဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ရန်ကုန်မြို့ တက္ကသိုလ်တွေက ကျောင်းသားကျောင်းသူတွေ ရဲ့ ရသစာပေစကားဝိုင်းမှာ အခုလိုပြောဆိုခဲ့တာပါ။
“ပညာရေးမှာအောင်မြင်ဖို့ဆိုရင် ဆရာ၊ ဆရာမကောင်းတွေ သိပ်ပြီး လိုအပ်တယ်။ ကျမ နားလည်သလောက် အမျိုးသမီး ဆရာမက ၉၇ ရာခိုင်နှုန်းလောက်ထိ ရှိတယ်။ ဒါ အရမ်းများပါတယ်။ အမျိုးသားဆရာတွေပဲ လုပ်နိုင်မယ့် ကိစ္စတွေလည်း ရှိတယ်။ အမျိုးသားရော အမျိုးသမီးရောရှိမှ ကျောင်းတွေရဲ့ လည်ပတ်မှုက ပိုပြီးပြည့်စုံမယ်လို့ ထင်တယ်။ အဲဒါကြောင့် ယောက်ျားလေးတွေ ကျောင်းဆရာ လုပ်ကြဖို့ တိုက်တွန်းချင်တယ်။ ဆရာ၊ ဆရာမ အလုပ်ကို အားပေးချင်တယ်။ နိုင်ငံ့အတွက် ရေရှည်ရော ရေတိုရော ကောင်းပါတယ်။ အကောင်းဆုံး အမွေအနှစ်တွေကို ထားခဲ့ပေးနိုင်တယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဆယ်စုနှစ်ချီ ပညာရေး နိမ့်ကျခဲ့တဲ့အတွက် လက်ရှိချိန်ဟာ ဆရာ၊ ဆရာမတွေအနေနဲ့ ကိုယ့်အရည်အချင်းကို ကိုယ်ဖြည့်နေရတဲ့အချိန် ဖြစ်တယ်လို့ အတိုင်ပင်ခံက ဆိုပါတယ်။
ရသစာပေစကားဝိုင်းဆွေးနွေးပွဲကို ကျောင်းသား ကျောင်းသူ ၂၂ ဦးနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။