Home
မြန်မာသတင်း
ဆွာချောင်း ရေလှောင်တမံရေလျှံ၍ ရန်ကုန်-မန္တလေးအမြန်လမ်း ခေတ္တပိတ်ထား
နော်နိုရင်း
·
August 29, 2018
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ဆွာချောင်းတမံ ရေပိုလွှဲဆည် အတွင်းဘက်နံရံ ပဲ့ကျမှုကြောင့် ဆွာချောင်းတလျှောက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ခေတ္တပိတ်ထားရပါတယ်။ သာဂရ ရဲစခန်းက ရဲအုပ်ရာဇာလင်းက “ဆွာချောင်းရေလှောင်တမံက ရေပိုလွှဲ ပြတ်ကျတာဗျာ။ ရေပိုလွှဲပြတ်ကျပြီး ရေတွေ ဒလဟော ဆင်းတဲ့အခါကျတော့ အခု အဲဒီရဲ့ အကျိုးဆက်နဲ့ လမ်းပေါ်ရေကျော်တယ်။ ရေကျော်ပြီး ရေက ပြန်ကျသွားပြီ။ အခု ဆွာချောင်းတံတားက  ရန်ကုန်-မန္တလေးလမ်းပိုင်းက နိမ့်သွားပါတယ်ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ အမြန်လမ်းရေကျော်မှုကြောင့် ရန်ကုန်ကနေ လာရင် မိုင်တိုင် ၁၅၁ ကနေပိတ်ပြီး နေပြည်တော်ကနေ လာရင်တော့ ၁၇၃ မှာ လမ်းပိတ်ထားတယ်လို့လည်း ရဲအုပ်ရာဇာလင်းက ပြောပါတယ်။ ရေပိုလွှဲပြတ်ကျမှုကြောင့်လည်း ဆွာမြို့ပေါ်မှာ ရေတွေ ဒလဟော အတက်မြန်နေပြီး ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြပါတယ်။ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲဟာ ဒီမနက်  ၆ နာရီအချိန်ခန့်မှာ ရေပိုလွှဲကနေ ရေစီးရေကျော်အရှိန်ကြောင့် ရေပိုလွှဲရဲ့ ယာဘက်အခြမ်း ပဲ့ကျခဲ့တာလို့ အစိုးရ ပြန်ကြားရေးကလည်း သတင်းထုတ်ထားပါတယ်။ ဒီမနက် ၉ နာရီကျော်လောက်မှာတော့  ရေပိုလွှဲမှ ရေတပေခွဲကျော်ခန့် စီးထွက်နေပြီး တမံကြီး ကျိုးကျပျက်စီးမှုတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ လတ်တလော ရေထွက်မှုများလာလို့  မူလချောင်းရေပြည့် ရေလျှံကာ ပတ်ဝန်းကျင်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းနဲ့ ဆွာမြို့နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ  ရေကြီးနေပြီး ကူညီ ကယ်ဆယ်ရေးတွေ စီမံဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၆၅/၁ နဲ့  ၁၆၅/၃ ကြား၊ ဆွာဆည် ဘဲနှုတ်သီးကျိုးမှုကြောင့် အမြန်လမ်းမကြီးဘေးရှိ တမံဆည်ရွာနဲ့ လှည်းလမ်းကူးရွာတို့မှာ ရေဝင်နေသလို ဆွာမြို့ပေါ်ရှိ အမှတ် ၂ ရပ်ကွက်၊ အမှတ် ၃ ရပ်ကွက်နဲ့ တောင်ပိုင်းရပ်ကွက်တို့မှာ  ရေ ၃ ပေခန့် ဝင်ရောက်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ လတ်တလော ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆၅/၁ ရှိ ဆွာချောင်းတံတားကို  ပိတ်ထားပြီဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024