Home
ဆောင်းပါး
ကုလ၊ အမေရိကန်နှင့် ဖေ့စ်ဘွတ်ခ်အကောင့်ပိတ်ခြင်း
DVB
·
August 28, 2018
သြဂုတ်လကုန်ပိုင်း ထွက်ပေါ်ခဲ့တဲ့ မြန်မာ့သတင်းတွေက အင်မတန်စိတ်ဝင်စားဖို့ကောင်းပြီး သတင်းတွေက တခုနဲ့တခု ချိတ်ဆက်နေတာလည်း တွေ့ရတယ်။ ဘင်္ဂါလီပြဿနာကို လူမျိုးသန့်စင်မှုအဖြစ် ကန်စွပ်စွဲ၊ တာဝန်ရှိသူများကို အရေးယူမည်ဟု ပွန်ပီယိုပြောကြား၊ ဒါက သြဂုတ် ၂၆ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းဖြစ်ပြီး ဒီသတင်းနဲ့ဆက်စပ်ပြီး ရှေ့ဆင့်နောက်ဆင့် သြဂုတ် ၂၇ မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းနှစ်ပုဒ်က ပိုပြီး စိတ်ဝင်စားဖို့ကောင်းပြန်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အရာရှိကြီးငါးဦးကို တရားစွဲရန် ကုလအချက်အလက် ရှာဖွေရေးမစ်ရှင် တောင်းဆို ဆိုတဲ့သတင်းနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကောင့် အပါအဝင် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အကောင့် ၂၀ ကို ပိတ်ပင်မှုလုပ်လိုက်ကြောင်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ သတင်းထုတ်ပြန်လိုက်ဆိုတဲ့ သတင်းတွေပဲ ဖြစ်တယ်။ ဒီသတင်း သုံးပုဒ်စလုံးဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ဆက်စပ်ပတ်သက်နေတာလည်း တွေ့ရပါတယ်။ သတင်းသုံးပုဒ်ကို နည်းနည်းအကျယ်ချဲ့ ဖတ်ကြည့်ရင် ခုလိုတွေ့နိုင်တယ်။ သြဂုတ် ၂၅ ရက် ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာ နှစ်ပတ်လည်နေ့မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယိုက လွန်ခဲ့တဲ့တနှစ်က လူအများအပြား သေဆုံးခဲ့ရတဲ့ စစ်သွေးကြွတိုက်ခိုက်မှုကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက လူမျိုးသန့်စင်မှုနဲ့ တုံ့ပြန်ခဲ့ကြတယ်လို့ စွပ်စွဲ ပြောဆိုခဲ့တာ ဖြစ်တယ်။ မိုက်ခ်ပွန်ပီယိုက သူ့တွစ်တာမှာ ရခိုင်ပြည်နယ် ဘင်္ဂါလီပြဿနာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အရေးယူ အပြစ်တင်မယ်၊ တပ်မတော်အနေနဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရေးအတွက် လူ့အခွင့်အရေးကို လေးစားရမယ်လို့ ရေးခဲ့တယ်။ ကုလအချက်အလက်အဖွဲ့ရဲ့ သတင်းမှာတော့ လူမျိုးတမျိုးလုံးကို ရှင်းလင်းဖျက်ဆီးရန် ရည်ရွယ်ချက်နဲ့ ဘင်္ဂါလီများကို မြန်မာ့တပ်မတော်က အစုအပြုံလိုက် သတ်ဖြတ်မှု၊ ဂိုဏ်းဖွဲ့ အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြတယ်။ တဆက်တည်းမှာပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အခြား တပ်မတော်အရာရှိကြီး ငါးဦးကို လူမျိုးသုဉ်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်မှု၊ စစ်ရာဇဝတ်မှု ကျူးလွန်မှုများနဲ့ တရားစွဲဆိုဖို့လည်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် အစီရင်ခံစာမှာ တိုက်တွန်းထားတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့် အပိတ်ခံရတဲ့ သတင်းမှာတော့ ဖေ့စ်ဘွတ်ခ်ရဲ့ အကြောင်းပြချက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးမစ်ရှင်နဲ့ နိုင်ငံတကာ ကျွမ်းကျင်သူများက မြန်မာနိုင်ငံမှာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့က လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆိုးရွားစွာကျူးလွန်တဲ့ အထောက်အထားများကို ရှာဖွေ တွေ့ရှိခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများ မြင့်တက်လာအောင် ဖေ့စ်ဘွတ်ခ် ဝန်ဆောင်မှုများကို အသုံးချမှုကို မလိုလားတဲ့အတွက် အခုလို ပိတ်ပင်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုတယ်။ တပ်မတော်ပြန်ကြားရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာများ ပိတ်သိမ်းခံရခြင်း အစိုးရနဲ့ တစုံတရာပတ်သက်မှု မရှိဘူးလို့ အစိုးရက ငြင်းတယ်။ ဗိုလ်ချုပ်မှူးကြီးအကောင့် အပိတ်ခံရတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်က အစိုးရပြောခွင့်ရှိသူ ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းလာလို့ အစိုးရဘက်က တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်တယ်။ အစိုးရမှာက ဖေ့စ်ဘွတ်ခ်စောင့်ကြည့်ရေးအတွက် အစိုးရကဖွဲ့ထားတဲ့ SMMT (Social Media Monitoring Team) ဆိုတာရှိနေပြီး ဒီအဖွဲ့နဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေ အပိတ်ခံရတာ ပတ်သက်ဆက်စပ်ခြင်း မရှိဘူးလို့လည်း ဦးဇော်ဌေးက ပြောတယ်။ ကုလအချက်အလက်အဖွဲ့၊ ဖေ့စ်ဘွတ်ခ်နဲ့ အမေရိကန်တို့ဟာ ရခိုင်အရေးနဲ့ ပတ်သက်ဆက်စပ်လို့ အခုလို အချိန်ကိုက် တပြိုင်တည်း လုပ်ဆောင်လာတာဟာ ရခိုင်အရေးနဲ့ စပ်လျဉ်းပြီး တပ်မတော်အပေါ် ဖိအားပေးလိုက်တာပဲ ဖြစ်တယ်။ ကုလ၊ အမေရိကန်နဲ့ ဖေ့စ်ဘွတ်ခ်တို့ ပူးပေါင်းတိုင်ပင်ပြီး တပြိုင်တည်း လုပ်ဆောင်ခဲ့ကြတာလို့လည်း ပြောနိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာအစိုးရအနေနဲ့ ကုလမစ်ရှင်ကို နိုင်ငံထဲ ပေးမဝင်သလို ပူးပေါင်းလုပ်ဆောင်ခြင်းလည်း မရှိ၊ ကုလအဖွဲ့ကို အသိအမှတ်ပြုထားခြင်းလည်း မရှိပါဘူး။ ကုလအဖွဲ့နဲ့ အမေရိကန်အစိုးရ၊ ဖေ့စ်ဘွတ်ခ်တို့အနေနဲ့ ဘယ်လိုပဲ ပြောဆိုလုပ်ကိုင်နေပါစေ၊ ကိုယ်လုပ်ဆောင်ထားတာတွေက အပြင်ကင်းရင် ဘယ်သူတွေ ဘာပြောပြော လိပ်ပြာသန့်သန့်နဲ့ ရင်ဆိုင်နိုင်မှာလည်း ဖြစ်တယ်။ အခုလည်းပဲ မြန်မာအစိုးရက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အပါအဝင် မြန်မာတပ်မတော် ထိပ်ပေါင်းခေါင်းဆောင် ၆ ဦးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး အိုင်စီစီမှာ စစ်ဆေးအရေးယူဖို့ ကုလသမဂ္ဂက တိုက်တွန်းထားတဲ့ အစီရင်ခံစာဟာ တဖက်သတ် သတင်းအချက်အလက်တွေကို အခြေခံပြီး ရေးသားထားတာကြောင့် လက်မခံနိုင်ဘူးလို့ ချက်ချင်း တုံ့ပြန် ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ် ဦးဟောက်ဒိုဆွမ်းက "အဖွဲ့ကတော့ လူ့အခွင့်အရေးကောင်စီကဖွဲ့တဲ့ အဖွဲ့ပေါ့နော်၊ ကျနော်တို့က ဆုံးဖြတ်ချက်ကိုလည်း လက်မခံဘူး၊ သူတို့ ဖွဲ့စည်းလိုက်တဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကိုလည်း ကျနော်တို့က အသိအမှတ်မပြုဘူး၊ အဲဒါကြောင့်လည်းပဲ ကျနော်တို့က ပူးပေါင်းဆောင်ရွက်ခြင်း မရှိပါဘူး။ သူတို့ရဲ့ Report က တကယ်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေကြတဲ့သူတွေကို မေးမြန်းပြီး ရေးထားတဲ့ဟာ ဖြစ်တဲ့အခါကျတော့ သဘာဝအတိုင်း စဉ်းစားမယ် ဆိုလို့ရှိရင်တော့ ဒီလိုပုံဖြစ်လာမယ် ဆိုတာတော့ သိပ်တော့ အံ့သြစရာ မရှိပါဘူး" လို့ အာအက်ဖ်အေ ရေဒီယိုကို ပြောထားပါတယ်။ ရခိုင်အရေးက ခုထိမအေးသေးဘဲ မလေးရှား အကြမ်းဖက်မှု တိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ အကြီးအကဲက ရခိုင်ပြည်နယ်မှာ ဘာသာရေးစစ်ပွဲ ဆက်နွှဲဖို့ အစ္စလာမ္မစ် အိုင်အက်စ်အဖွဲ့က ရိုဟင်ဂျာတွေကို စည်းရုံးသိမ်းသွင်းခဲ့တဲ့ ဖြစ်ရပ်တွေ တွေ့ရှိထားတယ်လို့ မကြာသေးခင်ကပဲ ထုတ်ပြောထားတယ်။ မအေးတဲ့ ရခိုင်အရေးမှာ အစိုးရနဲ့ တပ်မတော်တို့ ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲ ဖြေရှင်းမှပဲ ရမှာဖြစ်ပြီး တသီးတခြား လုပ်ကိုင်ဆောင်ရွက်လို့ မဖြစ်နိုင်ဘူးလို့ မြင်ပါတယ်။ ကိုလေအိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024