Home
မြန်မာသတင်း
သားက ဖခင်အား ရန်ရှာသဖြင့် ပြန်လည်ခုခံရာမှ သားဖြစ်သူ သေဆုံး
DVB
·
August 27, 2018
တနင်္သာရီတိုင်း မြိတ်မြို့၊ အလယ်ကျွန်းနယ်မြေ၊ ပါရမီ ၂ ရပ်ကွက်မှာ သြဂုတ် ၂၆ ရက်နေ့က သားဖြစ်သူက အဖေဖြစ်သူရဲ့ အသက်အား ရန်ရှာတဲ့အတွက် ပြန်လည်ခုခံရာမှ သားဖြစ်သူ သေဆုံးသွားတယ်လို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရပါတယ်။ ပါရမီ ၂ ရပ်၊ အဏ္ဏဝါလမ်းသွယ်ရှိ ဦးစိုးလွင် (ခ) ဦးအာလစ် (၇၁) နှစ်ဟာ နေအိမ် အပေါ်ထပ်မှာ ရှိနေစဉ် နေအိမ်အောက်ထပ်မှာရှိတဲ့ သားဖြစ်သူ အေးနိုင်(ခ)မတ်ရှာဖီ(၄၈)နှစ်က နေအိမ်အောက်ထပ်မှာရှိတဲ့ ပရိဘောဂတချို့ကို ဖျက်ဆီးပြီး ကလေးတွေကို ရိုက်နှက်နေ တာကြောင့် ဦးစိုးလွင်က ကလေးတွေကို မရိုက်နှက်ဖို့ပြောဆိုဆုံးမစဉ် အေးနိုင်(ခ)မတ်ရှာဖီမှ အိမ်အပေါ်ထပ်ကိုတက်ကာ ဆဲဆိုကြိမ်းမောင်းပြီး ဓားရှည်နဲ့ခုတ် ရန်ပြုတဲ့အတွက် ဦးစိုးလွင် (ခ) ဦးအာလစ်မှ အနီးရှိ တံခါးမင်းတုံးနဲ့ ရိုက်ခဲ့တာပါ။ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အေးမင်းက "သူတို့နှစ်ယောက်က သားအဖ တော်စပ် ပါတယ်။ သားက မူးယစ်ရမ်းကားပြီး ကလေးတွေကို ရိုက်နှက်လို့ အဖေကတားတယ်။ ဒါကို သားဖြစ်သူက သူနေတဲ့အိမ် အောက်ထပ်က ဓားရှည်ဆွဲပြီး အဖေရှိတဲ့အိမ်အပေါ်ထပ်ကို အတက်မှာ အဖေက အနီးမှာရှိတဲ့ အရှည် ၄ ပေ ထု ၂ တစ်လက်မခွဲရှိတဲ့ တံခါးမင်းတုံးနဲ့ နောက်စေ့ကို ၃ ချက်ရိုက်လို့တော့ သားဖြစ်သူလဲကျသွားတယ်" လို့ ပြောပါတယ်။ တံခါးမင်းတုံးနဲ့ အရိုက်ခံရသူ အေးနိုင် (ခ) မတ်ရှာဖီတွင် ဝဲဘက်ဦးခေါင်းနောက်စေ့ ဖူးရောင်ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်ပါးပြင်ညိုမဲဒဏ်ရာနှင့် ဝဲဘက်နားသွေးထွက်ဒဏ်ရာ (သတိမေ့-စိုးရိမ်ရ)ဖြင့် ချမ်းမြေ့ကျန်းမာရေးအထောက်အကူပြုယာဉ်နဲ့ မြိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ပါတယ်။ သေဆုံးမှုနဲ့ပတ်သက်ပြီး တံခါးမင်းတုံးနဲ့ ရိုက်နှက်သူ ဦးစိုးလွင်(ခ)ဦးအာလစ် (၇၁)နှစ်၊ အား မြိတ်မြို့မ ရဲစခန်းမှ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - မြတ်ထွဋ် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024