တရုတ်တွင် အပန်းဖြေဟိုတယ်တခု မီးလောင်၊ ၁၈ ဦး သေဆုံး
DVB
·
August 25, 2018
တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက ကမ်းခြေအပန်းဖြေဟိုတယ်တစ်ခုမှာ မီးလောင်မှုကြောင့် လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။
မီးလောင်မှုဟာ ခေးလောင်ကျန်းပြည်နယ်၊ ခါ့ဘင်းမြို့၊ ဆန်းကျွန်းပေါ်က ပေ့လုံ- Hot Spring ဟိုတယ်မှာ သြဂုတ် ၂၅ ရက် မနက်အစောပိုင်းက ဖြစ်ခဲ့တာပါ။
၁၈ ဦးသေဆုံးတယ်လို့ အာဏာပိုင်တွေက အတည်ပြုထားပေမယ့် ဒဏ်ရာရသူဦးရေနဲ့ မီးလောင်မှုသတင်း အချက်အလက်အသေးစိတ်ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
လက်ရှိမှာ မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းမှုစတင်နေပါပြီ။ တရုတ်နိုင်ငံမှာ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေနဲ့ တိုက်ခန်းတွေမှာ မီးဘေးကင်းဝေးရေး တိုးတက်လုပ်ဆောင်နေပေမယ့် လူသေဆုံးတဲ့အထိ ကြီးမားတဲ့ မီးလောင်မှုတွေ မကြာခဏ ဖြစ်နေဆဲပါ။