ဗီယက်နမ်အစိုးရဆန့်ကျင်သူ အမေရိကန်နိုင်ငံသား ၂ ဦးကို ထောင်ဒဏ် ၁၄ နှစ်ချ

အမေရိကန်အခြေစိုက် ဗီယက်နမ်အစိုးရ ဆန့်ကျင်ရေးအဖွဲ့ဝင် ၁၂ ဦးကို သြဂုတ် ၂၂ ရက်နေ့က ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ရာမှာ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား ၂ ဦးကို ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ သူတို့ ၂ ဦးဟာ နိုင်ငံတကာလေဆိပ်တခုကို ဗုံးခွဲဖို့ စီစဉ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရက စွပ်စွဲထားပါတယ်။ အခုလို ထောင်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ဗီယက်နမ်အစိုးရ ဆန့်ကျင်ရေးအဖွဲ့ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ အခြေစိုက်တဲ့ ပြည်ပရောက် ဗီယက်နမ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ အဲဒီအစိုးရအဖွဲ့ဝင် ၁၂ ဦးရဲ့ အစိုးရဆန့်ကျင်ရေး လုပ်ရပ်တွေကြောင့် ထောင်ဒဏ် ၅ နှစ်ကနေ ၁၄ နှစ်ထိ ပြစ်ဒဏ်ချမှတ်ကြောင်း သြဂုတ် ၂၂ ရက်နေ့က ဟိုချီမင်းမြို့တော် ပြည်သူ့တရားရုံးက ကြေညာခဲ့တယ်လို့ ဗီယက်နမ်အစိုးရ မီဒီယာမှာ ဖော်ပြထားပါတယ်။ ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်ခံရသူတွေထဲမှာ ပါဝင်တဲ့ ဗီယက်နမ်လူမျိုး အမေရိကန်နိုင်ငံသား နှစ်ဦးဖြစ်တဲ့ ငုယင်ဂျမ်းစ်ဟန်နဲ့ ဖန်းအိန်ဂျယ်လ်တို့ကို ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ထောင်ဒဏ်ပြစ်ဒဏ် ကျခံပြီးပါက ဗီယက်နမ်ကနေ နယ်နှင်သွားမယ်လို့လည်း ဗီယက်နမ် သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။ ငုရင်ဂျမ်းစ်ဟန်ရဲ့ ကျန်းမာရေးကိစ္စတွေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး ဆွေးနွေးတိုင်ပင်မှု စတဲ့ အထောက်အပံ့တွေ ပေးသွားမယ်လို့ ဗီယက်နမ်မှာရှိတဲ့ အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့တယ်လို့ စီအန်အန်သတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up