Home
မြန်မာသတင်း
တအာင်းမျိုးနွယ်စုကို လူသားစားသူများဟုပြောဆိုခဲ့သူအား အရေးယူပေးရန်တိုင်ကြား
အောင်ဆန်းဦး
·
August 23, 2018
တအာင်းမျိုးနွယ်စုကို လူသားစားသူတွေလို့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့်ပြောဆိုတဲ့ အမျိုးသမီးကို ပြင်းထန်တဲ့ တည်ဆဲဥပဒေနဲ့ အရေးယူပေးဖို့ သမ္မတကို တိုင်ကြားထားတယ်လို့ မန်တုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်နန်းမိုးက ပြောပါတယ်။ တအာင်းလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကို သိရှိနားလည်မှုမရှိဘဲ လူမျိုးစုတစုလုံး သိက္ခာကျ ဆင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တယ်လို့ ယူဆတဲ့အတွက် အခုလိုတိုင်ကြားရတာ ဖြစ်ပြီး ခွင့်လွှတ်၊ ကျေအေးပေးဖို့ အစီအစဉ်မရှိဘူးလို့လည်း ဆိုပါတယ်။ “ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်။ အမတို့အနေနဲ့ကတော့ သီးခံခွင့်လွှတ်စရာ အကြောင်း မရှိဘူး။ အမက ဥက္ကဋ္ဌကိုလည်းပြောတယ်။ ဝန်ကြီးကိုလည်း ပြောပါတယ်။ အမအနေနဲ့ကတော့ ဝန်ချတောင်းပန်တာနဲ့ မကျေနပ်နိုင်ဘူး။ တည်ဆဲဥပဒေအရ အရေးယူမှပဲ အမတို့က ကျေနပ် မယ်။ သမ္မတကို စာတင်ထားပါပြီး။ သမ္မတကိုရော သက်ဆိုင်ရာ ပြည်ထဲရေးဌာန ကိုရော၊ ပြန်ကြားရေးဌာနကိုရော နောက်ပြီးတော့ အမျိုးသားလွှတ်တော် ပြည်သူ့လွှတ်တော် ကိုရော တင်ပြထားတယ်။ ပြင်းထန်စွာ အရေးယူမယ်လို့လည်း ယူဆတယ်”လို့ ဒေါ်နန်းမိုးက ဆိုပါတယ်။ ဒီဖြစ်စဉ်အပေါ် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ နိုင်ငံတော်သမ္မတထံ တိုင်ကြားစာ ပေးပို့ထားပြီးဖြစ်သလို တစ်ဖက်ကလည်း လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးတို့ကို ဖြစ်စဉ်မှန်ရှင်းပြပြီး တိုင်ကြားထားတယ်လို့ ဒေါ်နန်းမိုးက ဆိုပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ် ဦးကတော့ ဒီကိစ္စအပေါ်မှာ အပြည့်အဝ တာဝန်ယူပြီးတော့မှ ဖြေရှင်းပေးမယ်လို့ ကတိပေးထားပြီး တိုင်းရင်းသားရေးရာဝန်ကြီးကလည်း တိုင်းရင်းသားတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ကိုစော်ကားတဲ့အတွက် ထိထိရောက်ရောက်အရေးယူဖို့ ကတိ ပေးထားပါတယ်။ ရှမ်းပြည်နယ်၊ ခိုလမ်မြို့နယ် မက်မွန်လောင်းကျေးရွာက တအာင်းမျိုးနွယ်စုတွေရဲ့ ညဘက်လမ်းမပေါ် သွားလာနေမှုတွေကို Yuri Miko (Yuri) အမည်နဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်သုံးစွဲသူ အမျိုးသမီးက သူမရဲ့ ဖုန်းကင်မရာနဲ့ ရိုက်ကူးလွှင့်ကာ လူသားစား မျိုးနွယ်စုတွေလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ တအာင်းတိုင်းရင်းသားရေးရာ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း အဆိုပါ အမျိုးသမီးကို ဝန်ချတောင်းပန်ဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိပါက တည်ဆဲဥပဒေတွေအရ ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024