အာဖဂန် မြို့တော် ကဘူးလ်ရှိ သမ္မတနန်းတော် မော်တာဖြင့် ပစ်ခတ်ခံရ

ဓာတ်ပုံ - EPA
အိဒ်ပွဲတော်ကာလအတွင်း တာလီဘန်တွေနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် သြဂုတ် ၂၁ ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ သမ္မတနန်းတော် မော်တာနဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ အိဒ်ပွဲတော်အထိမ်းအမှတ် သမ္မတက ငြိမ်းချမ်းရေးမိန့်ခွန်း ပြောနေချိန်မှာ ပစ်ခတ်ခံခဲ့ရတာပါ။ အသေခံဗုံးခွဲသမား ငါးဦးဟာ ကဘူးလ်မြို့တော်က ဗလီတခုထဲမှာ ပုန်းခိုနေခဲ့ပြီး ဗလီထဲကနေ သမ္မတနန်းတော် အပါအဝင် မြို့ရဲ့အစိတ်အပိုင်း အသီးသီးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဗွီအိုအေသတင်းမှာ ဖော်ပြပါတယ်။ အယ်လ်ဂျားဇီးရား သတင်းမှာတော့ တိုက်ခိုက်သူ ကိုးဦးက ကဘူးလ်မြို့တွင်း သီးခြားနေရာ နှစ်ခုကနေ မော်တာအလုံး ၃၀ လောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ "အာဖဂန် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် သူပုန် ကိုးဦးထဲက လေးဦးသေတယ်၊ ငါးဦးက အာဖဂန်စစ်တပ်ဆီမှာ လက်နက်ချခဲ့တယ်” လို့ အာဖဂန်အခြေစိုက် အမေရိကန်စစ်တပ် ပြောခွင့်ရ ဒုဗိုလ်မှူးကြီး မာတင်အိုဒွန်းနဲလ်က ကြေညာချက်ထုတ်ပြန် ပြောဆိုပါတယ်။ အိုင်အက်စ် အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုတွေဟာ သူတို့လက်ချက်ဖြစ်ကြောင်း သူတို့ရဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကနေ တရားဝင် ထုတ်ဖော်ကြေညာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up