စစ်တပ်အင်အား တိုးချဲ့မည်ဟု အီရန်အစိုးရ ပြော

ဓာတ်ပုံ - AFP
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေအတွင်း ပြိုင်ဘက်တွေနဲ့ အမေရိကန်တို့ တင်းမာမှု တိုးနေချိန်မှာ အီရန်အစိုးရဟာ သူ့စစ်တပ်အင်အားကို တိုးချဲ့မယ်လို့ သြဂုတ် ၂၁ ရက်က ပြောလိုက်ပြီး သူ့ရဲ့ တိုက်လေယာဉ် အသစ်တစီးကိုလည်း ထုတ်ပြလိုက်ပါတယ်။ ခေါက်စာ (Kowsar) လို့ခေါ်တဲ့ ဒီတိုက်လေယာဉ်ဟာ လက်နက်အမျိုးမျိုးကို သယ်နိုင်စွမ်းရှိပြီး ခရီးတို လေကြောင်းထောက်ပံ့ရေးအတွက်လည်း သုံးမယ်လို့ အီရန်အခြေစိုက် တက်စ်နင်မ် သတင်းဌာနက ပြောပါတယ်။ အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီရှေ့မှာ ဂျက်လေယာဉ်ကို ပျံသန်းပြခဲ့တဲ့ အခမ်းအနား ရုပ်ပုံတွေကို အစိုးရရုပ်သံက ပြသပါတယ်။ အမေရိကန်အစိုးရက မတိုက်ခိုက်အောင် အီရန်ရဲ့ စစ်ရေးစွမ်းရည်က တားထားတယ်လို့လည်း ရိုဟာနီက ပြောပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့် လက်အောက်မှာ အမေရိကန်ဟာ သူ့ရဲ့ မဟာမိတ်တွေဆီကနေတောင် ကင်းကွာပြီး အထီးကျန်လာနေပြီလို့လည်း သူက ဆက်ပြောပါတယ်။ "ကျနော်တို့ရဲ့ ပိုင်နက်နဲ့ သယံဇာတတွေကို သိမ်းချင်နေတဲ့ စစ်ရေးအင်အားစုတွေကို တိုက်ဖို့ ကျနော်တို့ အသင့်ပြင်ထားသင့်တယ်" လို့ ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းအတွင်း အီရန်သမ္မတ ရိုဟာနီက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up