၂ နိုင်ငံ ပင်လယ်ပြင်လုံခြုံရေး တိုးမြှင့်ရန် ဂျပန်နှင့် သီရိလင်္ကာ ဆွေးနွေး

ဂျပန်ကာကွယ်ရေးဝန်ကြီး အစ်တ်စုနိုရိ အိုနိုဒဲရဟာ သီရိလင်္ကာသမ္မတ မိုင်သရီပါလာ စီရီစေနာနဲ့ သြဂုတ် ၂၁ ရက်မှာ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ပင်လယ်ပြင်လုံခြုံရေး ပါဝင်ပတ်သက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ပါတယ်။ သီရိလင်္ကာမြို့တော် ကိုလံဘိုက အစည်းအဝေးအတွင်း သီရိလင်္ကာသမ္မတ ဂျပန်နိုင်ငံကို လာရောက်လည်ပတ်ချိန်က သဘောတူခဲ့တဲ့ အချက်တွေကို ပြန်လှန်သုံးသပ်တယ်လို့ သီရိလင်္ကာ သမ္မတရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်းတန် ကင်းလှည့်လှေ ၂ စီးကို သီရိလင်္ကာ ကမ်းရိုးတန်းစောင့်တပ်အတွက် ဂျပန်က ပံ့ပိုးမယ်လို့ ဂျပန်အစိုးရက အရင်က ပြောခဲ့ဖူးပါတယ်။ အိုနိုဒဲရဟာ သီရိလင်္ကာဝန်ကြီးချုပ် ရာနီးလ် ဝစ်ခရီမန်ဆင်းဂ်ကိုလည်း ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံပါတယ်။ ၂ ရက်ကြာ အလည်အပတ် ခရီးစဉ်အတွင်း သီရိလင်္ကာရဲ့ ဗျူဟာမြောက် ဆိပ်ကမ်း ၂ ခုဆီကိုလည်း သွားရောက် လည်ပတ်ဦးမှာပါ။ သူဟာ သီရိလင်္ကာကို ပထမဆုံး လာရောက်လည်ပတ်တဲ့ ဂျပန် ကာကွယ်ရေးဝန်ကြီးလည်း ဖြစ်ပါတယ်။ ဂျပန်ဟာ ဗျူဟာမြောက် အရေးကြီးတဲ့ အိန္ဒိယသမုဒ္ဒရာ ဒေသအတွင်း တရုတ်တည်ရှိမှု တိုးလာတာကို တုံ့ပြန်ဖို့ သီရိလင်္ကာနိုင်ငံကို စီးပွားရေး၊ စစ်ရေး အထောက်အပံ့တွေ ပိုတိုးပေးနေခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up