Home
မြန်မာသတင်း
ပီနန်အိတ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
အေးနိုင်
·
July 31, 2012
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံစက်မှု ဇုန်အတွင်းရှိ TE SEL ပီနန်အိတ် စက်ရုံမှ လုပ်သားတွေက သူတို့လုပ်ခလစာ တိုးမြှင့်ရရှိဖို့ ဆန္ဒပြကြပါတယ်။ ဒီမနက် ၁၀ နာရီခွဲက စတင်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ညနေပိုင်းမှာ အလုပ်သမားကိုယ်စားလှယ်တွေ၊ စက်ရုံကိုယ်စားလှယ်နဲ့ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ ညှိနှိုင်းကြပါတယ်။ လစာအနိမ့်ဆုံး အလုပ်သမားတွေက သူတို့ရဲ့ လုပ်အားခကို  ကျပ်ငွေ ၁၃၀၀၀ တိုးပေးဖို့ တောင်းဆို ဆန္ဒပြတာလို့ အလုပ်သမားတဦးက ပြောပါတယ်။ “လတ်တလောမှာ တောင်းထားတဲ့ ၁၃,၀၀၀ ကို ညှိနေတုန်း မပြေလည်သေးဘူး။ ကျနော်တို့ အလုပ်သမားတွေဘက်က ညှိတဲ့လူတွေ ပြောတာတော့ ၄၅၀၀ ကျပ်ထပ်တိုးမယ်ပေါ့။ ဒါပေမယ့် အလုပ်သမားတွေဘက်က လက်မခံဘူး။ ညှိနေတုန်းမပြီးသေးဘူး။ အစည်းအဝေးလုပ်နေကြတယ်။ အလုပ်သမားဝန်ကြီးတို့လည်းရောက်နေတယ်။” အဲဒီစက်ရုံမှာ အလုပ်သမား ၅၀၀ လောက်ရှိရာမှာ အများစုက အမျိုးသမီးတွေလို့ ဆိုပါတယ်။ လက်ရှိမှာ ဆန္ဒပြသူ ၁၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ အနိမ့်ဆုံးလစာရသူတွေဟာ အချိန်ပိုအပါအ၀င် တလကို လစာ ကျပ်ငွေ ၄ သောင်းခွဲလောက်သာ ရတာကြောင့် လက်ရှိကုန်ဈေးနှုန်း အခြေအနေအရ စားသောက်နေထိုင်ရေး ခက်ခဲနေတာဖြစ်ပြီး ၁၃၀၀၀ ထပ်တိုးတောင်းနေတာ ဖြစ်ပါတယ်။ ဒီဆန္ဒပြသူတွေကို အကူအညီပေးနေတဲ့ ကိုညီညီက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဟာ အလွန်အမင်းမဟုတ်ဘဲ လိုအပ်ချက်သာ ဖြစ်တယ်လို့ ပြောပါတယ်။ “ဒီလောက် အခြေခံလစာဆိုတာဟာ မြန်မာနိုင်ငံက အလုပ်သမားတယောက်အနေနဲ့ လက်ရှိ အခြေအနေနဲ့ ပြောမယ်ဆိုရင်တော့ သာမန်အခြေခံလစာဟာ ၈ သောင်းလောက်မှ မရဘူးဆိုရင် ဘ၀တခုက ဘယ်လိုမှ ရပ်တည်လို့မရဘူး။ အလုပ်သမားတွေတောင်းဆိုတာ ကိုတော့ ပေးသင့်ပေးထိုက်တယ်လို့တော့ ပြောလိုပါတယ်။” ဒီစက်ရုံဟာ မလေး-တရုတ်ပိုင်ဆိုင်တဲ့ စက်ရုံ ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024