လျှို့ဝှက်သည်းဖို စိတ္တဇရုပ်ရှင်ကြိုက် ပရိသတ်များ နှစ်သက်မည့် – Searching ရုပ်ရှင် (နမူနာ)

ထိတ်လန့်ကြောက်ရွံ့စရာကောင်းတဲ့ လျှို့ဝှက်သည်းဖို စိတ္တဇရုပ်ရှင်ကြိုက် ပရိသတ်တွေ နှစ်သက်ကြမယ့် Searching အမည်ရ ရုပ်ရှင်ကားကို လာမယ့် သြဂုတ် ၂၄ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီကားကိုတော့ ဒါရိုက်တာ အန်းနိရှ် ချာဂန်တီ (Aneesh Chaganty) က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် သမီးဖြစ်သူ ပျောက်ဆုံးသွားချိန်မှာ လိုက်ရှာဖွေတဲ့ ဖခင်တယောက်အကြောင်း လျှို့ဝှက်သည်းဖို ပုံစံတမျိုးနဲ့ ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ သမီးဖြစ်သူ ပျောက်ဆုံးသွားတာဟာ ထူးဆန်းနေပြီး နည်းပညာဆိုင်ရာ အသုံးအဆောင်တွေဖြစ်တဲ့ မိုဘိုင်းလ်ဖုန်းတွေ၊ အင်တာနက်အသုံးပြုထားတဲ့ မှတ်တမ်းတွေက တဆင့် လိုက်လံရှာဖွေတဲ့ အကြောင်းတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားကြရမှာပါ။ ဒီကားထဲက အဓိကဇာတ်ကောင် ဒေးဗစ်ကင်မ် (David Kim) အမည်ရတဲ့ ဖခင်နေရာမှာတော့ ကိုရီးယား-အမေရိကန် ကပြားမင်းသား ဂျွန်ချို (John Cho) က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ အမေရိကန်မင်းသမီး ဒက်ဘရာ မက်ဆင်း (Debra Messing) က အတွဲညီညီ ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေ ပါဝင်နေတာမို့ ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေကို မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Sundance Film Festival မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလတည်းက ပြသခဲ့ပြီး အားပေးမှုတွေ ရရှိထားပါတယ်။ ကြာမြင့်ချိန် ၁၀၂ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားဟာ IMDb မှာလည်း Rating 7.2 အထိ ရရှိထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up